Wednesday, August 12, 2009

ဘဲဥ ချဉ်ဟင်း

ဘဲဥ ဇာတ်လမ်းပြောပြပါအုံးမယ်။ ပြီးခဲ့တဲ့အပတ်တုံးက ပင်နီဆိုလာသွားတာ ဘဲဥရောင်းတာ တွေ့လို့ အားရ၀မ်းသာနဲ့ ၀ယ်မယ်ပေါ့။ ဘဲဥဘယ်လောက်လဲလို့မေးတော့ ၁၀ လုံး S$ 8 တဲ့။ ဈေးမေးလိုက်တော့မှ ဘုရားတရတော့တယ်။ ဆေးဘဲဥ(ခေါ်)ဖီတန် ကိုပြောတာ မဟုတ်ဘူးလို့ ဘဲဥအစိမ်း အလတ်ကိုပြောတာပါလို့ ပြန်ပြောရတယ်။ ဟုတ်ပါတယ် ဘဲဥအစိမ်း ၁၀ လုံး S$ 8 ပါတဲ့။ ဒါနဲ့ စိတ်ဆိုးဆိုးနဲ့ ၀ယ်ခဲ့သလားလို့ မထင်လိုက်နဲ့နော်။ မ၀ယ်ခဲ့ပါဘူး။ ကြက်ဥပဲ အလုံး ၄၀ လောက် စားတော့မယ်လို့။ ဟုတ်တယ်လေ ဈေးကြီးလိုက်တာလဲ လွန်ပါရောတော်။ ပြား ၅၀ လောက်ဆိုလဲ မဆိုးသေးဘူး။ ဘဲဥရှိတော့ ရှိတယ်။ ဈေးကြီးလို့ မ၀ယ်စားတော့ဘူး အမေ့အိမ်ပြန်မှ ဘဲဥချဉ်ဟင်း တ၀ကြီးစားပလိုက်မယ်လို့ စိတ်ထဲထားလိုက်တော့တယ်။ ချဉ်ပေါင်လေးဝယ်၊ ပဲကျက်မှုန့်လေးဝယ်၊ အကြော်ဆံလေးဝယ်၊ ဟိုဟာဝယ် ဒီဟာဝယ်ပြီးပဲ ပြန်လာခဲ့ပါတယ်။ အိမ်ရောက်လဲ ဘဲဥကိုမျက်လုံးထဲက မထွက်တာနဲ့ ကြက်ဥကို ချဉ်ဟင်းချက်လိုက်ပါတယ်နော်။ ခေါင်းစဉ်တော့က ဘဲဥတပ်လိုက်တယ်နော်။ အားမနားတမ်း သုံးဆောင်သွားပါအုံးလား။



ကြက်ဥ ချဉ်ဟင်းလေး သုံးဆောင်သွားပါအုံးလား။


ပုဇွန်ကြော် (ပုဇွန်က ခဲနေတော့ အခွံမခွာပဲကြော်လိုက်တယ်နော်။ ငပျင်းကြော်လေး ကြော်လိုက်ပါတယ်။ ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့်ထည့်နယ်ပြီးကြော်လိုက်ပါတယ်)


ဘဲဥ ချဉ်ဟင်းအတွက်လိုအပ်သောအရာ

ဘဲဥ ၆ လုံး (ဒီနေ့တော့ ဘဲဥနဲ့စိတ်ဆိုးခဲ့လို့ ကြက်ဥနဲ့ချက်လိုက်ပါတယ်နော်။)
ကြက်သွန်နီ ၂ လုံး ကြီးကြီး
ကြက်သွန်ဖြူ ၇ တက်
ကုလားလေး မဆလာ
ပြင်းတော်သိမ်ရွက်
မန်ကျည်းမှည့် အနှစ် (လိုသလောက်ထည့်နော်။ ကျွန်မတော့ အချဉ်ကြိုက်တော့ များများခတ်လိုက်တယ်)


ချက်နည်း

ချက်နည်းက ဘဲဥချက်နည်းအတိုင်းပဲရေးလိုက်ပါတယ်။ ဘဲဥကိုပြုတ်ထားလိုက်ပါတယ်။ ကျက်ရင် အခွံခွာပြီး နှစ်ခြမ်း ခြမ်းထားလိုက်ပါတယ်နော်။ ကျွန်မရဲ့ ဘဲဥ ၊ ကြက်ဥခြမ်းနည်းပြောလိုက်ပါအုံးမယ်။ အပ်ချဉ်ကြိုး ကို တစ်ထွာကျော်ကျော်ဖြတ်ပြီး ကြက်ဥ ၊ ဘဲဥကို အလည်တည့်တည့်ကနေ လှီးဖြတ်လိုက်ပါတယ်။ ဘဲဥ ၊ ကြက်ဥ အနှစ်တွေ မကွာတော့ဘူး။ ဒီနည်းအတိုင်းဖြတ်ပါတယ်။ ကြာတယ်ထင်ရင်လဲ ဓားနဲ့လှီးလဲ ရပါတယ်နော်။ ဘဲဥပြုတ်တုံး ကြက်သွန်ဖြူ၊ ကြက်သွန်နီကိုထောင်းထားလိုက်ပါတယ်။ ပြီး ချက်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့်ပါ။ ဆီကျက်လာရင် ထောင်းထားသော ကြက်သွန်ဖြူ ၊ နီကို ဆီသတ်ပါ။ အရောင်နီလာရင် ဆနွင်းမှုန့် နဲ့ အရောင်တင်မှုန့်နည်းနည်းထည့်ပါ။ ဆား(သို့) ငံပြာရည်ထည့်၊ အချိုမှုန့်ထည့်၊ မန်ကျည်းရည်အနှစ်ကိုထည့်ပါ။ နည်းနည်းဆီပြန်လာအောင်ထားလိုက်ပါ။ ပြီးခြမ်းထားသော ဘဲဥကိုထည့်ပါ။ ဘဲဥချဉ်ဟင်းကို အရည်လေးနဲ့ စားချင်ရင်တော့ ရေနွေးထပ်ထည့်ပါနော်။ အဲ..... ပြီး ပြင်းတော်သိမ်ထည့်လိုက်ပါ။ မီးဖိုပေါ်က ဘဲဥချဉ်ဟင်းချခါနီး ကုလားလေး မဆလာခတ်ပြီး စားနိုင်ပါပြီနော်။ ကြိုက်တတ်ရင် ငရုတ်သီးစိမ်းလေးပါ ထည့်လဲ ရပါတယ်နော်။ ဒီလိုလေး ချက်စားကြည့်ပါလား။ ထမင်းမြိန်စေ့မယ် ဟင်းတစ်ခွက်ပေါ့။

13 comments:

  1. ပင်နီစူလာက ရိတ်ကိုရိတ်လွန်းတယ် ။ချောင်းအရိုက်ခံရတော့မယ်နဲ့တူတယ် ဟီးဟီး။ ၈ကျပ်ကတော့များတယ်။fair price မှာရှိတဲ့ white eggs က ဘဲဥမလား မမိုး။ ၃ ကျပ်ကျော်ကျော်ပဲပေးရတယ်။ ညီမအရင်နေတဲ့အိမ်နားက wet market မှာ ၁၀လုံးကို ၃.၅၀။ ဈေးအဲလောက်ကွာလားမသိဘူးနော်။ ညီမဝယ်တာလည်း အဖြူရောင်ဆိုတော့ ဘဲဥပါဘဲ။ဟီးဟီး။ အော် white egg , white egg ကြက်ဥဘဲစားပါတော့မယ်

    ReplyDelete
  2. ကျပ် ဆိုတာ s$ ကိုရေးတာပါ မရယ်။ အကျင့်ပါနေလို့ပါ :P

    ReplyDelete
  3. အစ်မလဲ ၃ ကျပ်၊ ၄ ကျပ် ပဲပြောတာ အကျင့်ပါတယ်။ ရေးတော့တာ S$ လို့ရေးတာ။ white eggs လဲဝယ်စားဖူးတယ်။ အထဲက အနှစ်က ဘဲဥအရသာနဲ့မတူဘူးဆို။ ဘဲဥအနှစ်ရဲ့ အရသာက စားရတာ လေးလေးပင်ပင်ရှိတယ်။

    ReplyDelete
  4. ဘဲဥရဲ့ အကာကလည်း ပိုကြွပ်တယ်နော်၊ ကြက်ဥက ပျော့တယ်။ ချက်ရင် ဘဲဥပိုကြိုက်တယ် ..တို့က
    အကာပဲစားတာမို့လေ။ ဒါပေမယ့် ဒီမှာတော့လည်း ကြက်ဥပဲ ဘဲဥအမှတ်နဲ့ ချက်ရပါတယ်။ ကြော်ရင်တော့ ကြက်ဥပိုကြိုက်တယ်။

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. ထမင်းအိုးရေ..
    ပဂျွန်လေးနဲ့ ဥဟင်းလေးစားချင်စရာ..
    ကူးကူးတော့ မခွဲတတ်ဘူး.. ကြက်ဥနဲ့ဘဲဥ...
    အရင်က ကြက်ဥအညို ဘဲဥ အဖြူလို့မှတ်ထားတာ..
    နောက်မှကြက်ဥလဲအဖြူရှိတာသိရတာ.. လွဲတာပဲ..း)

    ReplyDelete
  7. မိုးကောင်းသူလေးရေ အရမ်းကျေးဇူးတင်တယ် ဘာချက်စားရင်ကောင်းမလဲ စဉ်းစားနေတုန်း ဘဲဥချဉ်ဟင်းပို့စ်ကိုဖတ်လိုက်တော့ အခု ဘဲဥဟင်းထချက်လိုက်တယ်

    အစ်မတို့ထိုင်းမှာတော့ ဘဲဥက တစ်လုံးကို ငါးဘတ်ပေးရတယ် မနေ့က ဘဲဥလေးတွေတွေ့တော့ ငါးလုံးဝယ်တော့ သူက ၂၄ဘတ်နဲ့ရောင်းလိုက်တယ် တစ်ဘတ်လျော့တာပေါ့ ၃၄ဘတ်ကို တစ်ဒေါ်လာဆိုတော့ ထိုင်းက ဘဲဥဈေးတန်တာပေါ့နော် ..ကျေးဇူး ဘဲဥဟင်းထဲကို ရုံးပတီသီးလေးတွေ ထည့်ချက်လိုက်တယ် ကောင်းမှကောင်းပဲ ပုဇွန်ဆွေ့ဆွေ့ခုန်သုတ်လေးနဲ့ ဆလပ်ရွက်နဲ့ ပန်းဂေါါ်ဖီလေးနဲ့တို့စားလိုက်တယ်

    ReplyDelete
  8. မမိုးကောင်းသူရေ... ဘဲဥဖြစ်စေ၊ ကြက်ဥဖြစ်စေ ကျွန်တော်ကတော့ လာစားသွားပါတယ်.. အဟီး။ အောက်က ပုစွန်ဟင်းကိုတော့ ဘာဖြစ်လို့ မျက်နှာသာ မပေးကြတာလဲဗျာ.. သူလည်း စားလို့ရပါတယ်...။

    yu ya

    ReplyDelete
  9. ဘဲဥကဒီမှာတော့ဆယ်လုံးကို us1$ လောက်ဘဲပေးရတယ်

    ReplyDelete
  10. တစ်ခါတစ်လေ အသားငါးတွေ စားချင်ဘူးနော်... အဲလို ကြက်ဥချဉ်ရေလေး စားချင်တာ။ ဟိုနေ့ကတောင် ချက်စားသေးတယ်။

    ReplyDelete
  11. ဒါ.တို့အတွက်...စပယ်ရှယ်ဟင်းပါကွယ်။ မရည်ရွယ်လဲ.. ဒီလိုပဲယူဆလိုက်မယ်။ ဘဲဥဟင်းဆို..ဘာလာလာ..ကြိုက်တယ်။
    ကုလားလို..တရုတ်လို.. ဘယ်လိုချက်ချက်။

    ReplyDelete
  12. ဟိဟိ မမရေ အကြံတူတယ်တော့
    မေလေးလဲ တစ်ပတ်ကို တစ်ရက်တော့ အနည်းလေးဘဲ ကြက်ဥအချဉ်ဟင်းချက်တယ်။
    နေခြည်ကတောင် ပြောနေသေးတယ်။
    သူမေးတဲ့နေ့တိုင်း ကြက်ဥအချဉ်ဟင်း ဖြစ်နေလို့တဲ့။
    ပင်နီစူလာကတော့ မမစုဘူးပြောသလိုဘဲ
    ရိတ်လွန်းတယ်။ အတင်းတုတ်လက်စနဲ့ ဆက်တုတ်လိုက်အုန်းမယ်။
    ပဲပြုတ်ဆိုလဲ ပျော့ပြဲလို့ မီးခိုးစော်လဲနံ့တယ်။
    (နောက်တခေါက်သွားရင် ဝိုင်းရိုက်ကြမှာသေချာတယ်.ဟိဟိ)

    ReplyDelete
  13. ပုဇွန်အပျင်းကြော်မဟုတ်ပါဘူးအမရယ်
    ပဇွန်က အခွံမခွာရင် ဟင်းချက်တဲ့အခါပိုချိုတယ်

    ReplyDelete