ကြာဆံဟင်းခါး ပူပူလေး သုံးဆောင်သွားပါအုံးလား။
ရှောက်သီးသုပ် စပ်စပ်လေးနဲ့ တွဲစားကြပါတယ်။ အချဉ်လိုက သံပရာသီးထည့်။ အငံလိုက ငံပြာရည်ထည့်။ အစပ်လိုက ငရုတ်သီးထည့်။ ပူပူလေးဖြစ်လိုက ငရုတ်ကောင်းထည့် ကြိုက်ရာစိတ်ကြိုက်ထည့်စားနိုင်ပါတယ်နော်။
ငုံးဥ၀ယ်လို့ မရလို့ ကြက်ဥပဲ ပြုတ်ထားပါတယ်။
ကြိုက်ရာ ၀ိုင်းထဲ ၀င်စားနိုင်ပါတယ်နော်။
အိုးလိုက်ချထားတယ်နော်။
ကြာဆံဖတ်မပါသေးတဲ့ အရည်ကြီးပဲအိုး။ စားခါးနီးမှ ကြာဆံဖတ်ရောပါတယ်။ ဒီက ကြာဆံဖတ်တွေက တစ်ခါတည်းချက်လိုက်ရင် ကော်ရည်လိုဖြစ်သွားလို့ပါ။
ကြာဆံဟင်းခါး အတွက်လိုအပ်သောအရာ
- ပဲကြာဆံ
- ကြက်သား (ကျွန်မ ၀ယ်ခဲ့တာကတော့ ရင်ဖုံသားရယ်၊ လည်ပင်းရိုးကြီးပဲ တတ်တတ်ရယ်၊ ကြက်ခြေတောက်ကြီးပဲ တတ်တတ်ရယ်ပါ။ အရိုးကြိုက်တဲ့ ကျွန်မ အတွက်ကတော့ လည်ပင်းနဲ့ ခြေတောက်က အကြိုက်ပေါ့။)
- ငါးဖယ် (ဒီက fish cake ကိုဝယ်ထည့်လိုက်ပါတယ်။ အလုပ် သိပ်မရှုပ်တော့ဘူးပေါ့။)
- ငုံးဥ (ငုံးဥ ၀ယ်မရတာနဲ့ ကြက်ဥပဲ ပြုတ်လိုက်ပါတယ်။ ဈေးလဲ ပိုသက်သာပါတယ်။ :D)
- ကြွက်နားရွက်မှို (သို့) မှိုတုံတုံ
- မှိုခြောက် ပန်းခြောက် (အထုံးလေးတွေ ထုံးလိုက်ပါတယ်။)
- ပိတ်စွယ် (ဒီမှာတော့ ပိတ်စွယ် ၀ယ်လို့ မရပါဘူး။ မရတော့လဲ မထည့်တော့ဘူးပေါ့။)
- အသားတု လုံး (အသားတုလဲ ၀ယ်မရလို့ မထည့်လိုက်ပါဘူး။ အဟီး ၀ယ်လို့မရတာတွေက များနေပြီ။)
- ပဲပြား (အထုံးလေးတွေ ထုံးထားတဲ့ ပဲပြားခြောက်ကို ၀ယ်ပါတယ်။ အထုံးလေးက ပိုပြီး စားကောင်းပါတယ်။)
- ကြက်သွန်နီ အလုံးသေးသေး (အခွံခွာပြီးသားကို ၀ယ်ခဲ့ပါတယ်။)
- ဗမာ နံနံပင်
- ကြက်သွန်မြိတ်
- ငရုတ်သီး အကျက်မှုန့် (အကျက်မှုန့် ၀ယ်ထားတာ ကုန်သွားတာနဲ့ ကိုယ်တိုင်ကျိတ်ပြီး ကြော်ထားပါတယ်။)
- သံပရာသီး
- ငရုတ်ကောင်း
ကြာဆံဟင်းခါး ချက်နည်း
ပဲကြာဆံဖတ်၊ ကြွက်နားရွက်မှို၊ မှိုခြောက်ပန်းခြောက်တို့ကို ရေစိမ်ထားပါတယ်။ ကြက်သားကို အနေတော် အတုံးသေးသေးလေးတွေ တုံးလိုက်ပါတယ်။ ကြာဆံဟင်းခါး ချက်မယ့်အိုးထဲသို့ ရေထည့်ပြီး ဆူနေအောင်တည်ထားလိုက်ပါတယ်။ ကြက်ခြေတောက်တွေကို ခြေသည်းတွေဖြတ်၊ လည်ပင်းရိုးကို အရေခွံခွာ၊ ရင်ဖုံအသားတွေ တုံးပြီး အရိုးတို့ကို ဆူနေတဲ့အိုးထဲသို့ ထည့်တည်ထားလိုက်ပါတယ်။ ငါးဖယ်ကိုလဲ ပါးပါးလှီးလိုက်ပါတယ်။ အတုံးသေးသေးတုံးထားတဲ့ ကြက်သားကို ဆား၊ အချိုမှုန့်ထည့်ပီးနယ်လိုက်ပါတယ်။ ကြက်သားကို ဆီသတ်တော့ပါမယ်။ ဆီသတ်မယ့်အိုးထဲသို့ ဆီထည့်ပါ။ ဆီကျက်လာရင် တုံးထားတဲ့ ကြက်သားကိုထည့်ပါ။ ၁၀ မိနစ်လောက် ဆီနဲ့ကြော်သလို ၊ လုံးသလို လုပ်လိုက်ပါတယ်။ ပြီးရင် အရောင်တင် ငရုတ်သီးမှုန့်ကိုထည့်လိုက်ပါတယ်။ အခွံခွာထားတဲ့ ကြက်သွန်နီ အလုံးသေးသေးတွေကိုလဲထည့်ပြီး ဆီသတ်လိုက်ပါတယ်။ ပြီးရင် ဆူနေသော အိုးထဲသို့ ဆီသတ်ထားတဲ့ ကြက်သားကိုထည့်လိုက်ပါတယ်။ ရေစိမ်ထားတဲ့ ကြွက်နားရွက်မှို နဲ့ မှိုခြောက်ပန်းခြောက်၊ ပါးပါးလှီးထားတဲ့ ငါးဖယ်၊ ပဲပြားအထုံးလေးတွေကို ထည့်၊ ငံပြာရည်ထည့်ပြီး ဆူနေအောင် တည်ထားလိုက်ပါတော့တယ်ရှင်။ ကြာဆံဖတ်ကိုတော့ စားတော့မယ်ဆိုမှ အိုးအသေးထဲသို့ ထည့်ပြီး ရောလိုက်ပါတယ်။ ကြာဆံဟင်းခါး ရပါပြီရှင်။
ရှောက်သီးသုပ်အတွက် လိုအပ်သောအရာ
်
- ရှောက်သီး (ရှောက်သီးကို အခွံခွာ ပါးပါးလှီးပြီး ဆားရည်နဲ့ စိမ်လိုက်ပါတယ်။ ဒီနေ့တော့ သံပရိုသီးနဲ့သုပ်လိုက်ပါတယ်။)
- ငါးပိကင် (ခေါ်) ငါးပိဖုတ်
- ပုဇွန်ခြောက်ထောင်း
- ငရုတ်သီးစိမ်း (ပါးပါးလှီးထားပါ)
- ငရုတ်သီး အကျက်မှုန့်
- မြေပဲဆံထောင်း
- ကြက်သွန်နီ ပါးပါးလှီးထားပါ။
- ငံပြာရည်
- အချိုမှုန့်
ရှောက်သီးသုပ်နည်း
သုပ်မယ့် ပန်းကန်ထဲသို့ ပါးပါးလှီးထားတဲ့ရှောက်သီးရယ်၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်း၊ ငရုတ်သီး အကျက်မှုန့်၊ ငါးပိကင်၊ ပုဇွန်ခြောက်ထောင်း၊ မြေပဲဆံထောင်း၊ ငံပြာရည်၊ အချိုမှုန့်တို့ထည့်ပြီး ရောနယ်လိုက်ပါတယ်ရှင်။ ရှောက်သီးသုပ် စပ်စပ်လေး ရပြီးနော်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။
အားလုံး ကျန်းမာ ချမ်းသာကြပါစေရှင်။
18 comments:
မိုးကောင်းသူလေး လက်ရာ မစားဖြစ်တာကြာလို့ လာစားတယ်နော် အကြိုက်ဆုံးပါကွယ် ကြာဆံဟင်းခါးနဲ့ သံပရိုသီးသုတ်လေး စားသွားတယ် ရူုးရှဲရူးရှဲ ဖြစ်သွားတယ် ကောင်းလိုက်တာ ချွေးတောင်ပြန်တယ် စားရတာ :P
ဒီမှာ မိုးအေးနေတုန်း ကြာဆံဟင်းခါးနဲ့ရှောက်သီးသုပ်လေး စားချင်လိုက်တာ။
:P
ရှောက်သီးသုပ်နဲ့ ကြာဇံဟင်းခါး ထပ်စားသွားပါတယ်
အ၀လာစားသွားပါတယ် :-)
ရှောက်သီးသုပ်အစားထိုးလေးကို သဘောကျတယ်။ စမ်းကြည့်မယ်စိတ်ကူးတယ်။ ဒီမှာ ဒီနေ့ ၁၇ဒီဂရီ။ ပူပူစပ်စပ်လေးများ
စားလိုက်ရရင် အတော်နေသာထိုင်သာရှိမယ်။
း)
ြ
စားတယ်.. တ၀ကြီးကို ပုံတွေငမ်းတယ်..
ကြာဇံဟင်းခါး ကူးအကြိုက်ဆုံးမြန်မာ့အစားအစာ ဘဲ... သူ့ချည်းဘဲစားရင် ရှောက်သီးသုပ်တောင်မေ့တယ်။ ထမင်းမေ့ဟင်းမေ့ကိုစားတယ်..
အရမ်းကြိုက်တယ်.. အလွမ်းပြေလေးချက်ပေးထားတာကျေးဇူးးးး
သမီးပူစာထားတဲ့ ရှောက်သီးသုတ် တကယ်လာပြီပေါ့။ ကြာလှပေါ့စားချင်လို့ လာလာအော်တာ ၄-၅ လလောက်ရှိပြီ။
ခုတော့ နေလို့ မကောင်းတာ ခံတွင်းကပျက်နေတာနဲ့ အတော်ဘဲ။ ရှောက်သီးသုတ်လာစားသွားတယ်။ စားကောင်းမှကောင်းဘဲ။
ကြာဇံချက်လဲ အရမ်းကြိုက်တာ။ သမီးက ကြာဇံချက်စားတော့မယ်ဆို ငရုတ်သီးမှုန့် ရယ် သံပုရားသီးရယ် နံနံပင်ရယ် ငံပြာရည်လေးရယ် ထည့်ပြီး အများကြီးစားတာ။
ကျေးဇူးဘဲအမရေ
စုံတွဲလာစားသွားတယ်။
အဟီးးးးးးးးးးး
၁၀ ခါစားရလည်းစားချင်တာပဲ ဟိ
သွားရည်တွေ အသားကုန်ကျသွားတယ်...ရှလွတ်
ထမင်းအိုးကြီးပျက်နေတာကြာပြီဗျို့..။
ရှောက်သီးသုပ်စားချင်တယ်..။
ကြာဆံဟင်း သိပ်ကြိုက်။ ရှောက်သီးသုပ်တောင် မလိုဘူး။
ကြာဇံချက်နဲ့ ရှောက်သီးသုပ်ကတော့ အရမ်းကို ကြိုက်တာ။ ဘယ်လောက်ပဲစားစား၊ ဘယ်အချိန်စားစား မမုန်းတဲ့အစားအစာထဲ ပါတယ်။
အရမ်းကြိုက်လို့ စားသွားပြီ။ ကျေးဇူးပါနော်။
လာမြည်းသွားတယ် မမိုးရေ.. ကောင်းမှကောင်း..
yu ya
အမကတော့ မြင်ရတဲ့သူတွေ မနေနိင်အောင် လုပ်ပြီ
ကြာဇံချက်နဲ့ ရှောက်သီးသုတ်လေး တကယ် စားချင်တယ်ဗျား)
ကြာဇံချက် အိုးကြီးကြည့်ပြီး သရေယို မိတယ် အဟုတ်
ရွှေတောင်ခေါက်ဆွဲလုပ်နည်းလေးများလဲ ရှယ်ကြပါ အုံးလားဗျို့ ...
ညီမရေ..ရှောက်သီးတလုံးလက်ဆောင်ရထားပြီး..ဘာလုပ်ရမှန်းမသိတာနဲ့..၀င်လာတာ..အားလုံးအစဉ်ပြေသွားတာမို့..ကျေးကျေးပါနော်..
မနက်စာဘာစားရမှန်းမသိလို. လျှောက်ကြည့်ရင်းနဲ. ကြာဇံချက်ဝင်စားသွားတယ်..အချဉ်သိပ်မကြိုက်ပေမယ့် သံပရိုသီးသုပ်လေးလဲမြည်းသွားတယ်နော်..
မနက်စာဘာစားရမှန်းမသိလို. လျှောက်ကြည့်ရင်းနဲ. ကြာဇံချက်ဝင်စားသွားတယ်..အချဉ်သိပ်မကြိုက်ပေမယ့် သံပရိုသီးသုပ်လေးလဲမြည်းသွားတယ်နော်..
Post a Comment