Thursday, April 30, 2009

ကျွန်မသိသော အသီး အရွက် အစေ့ အမွှေး အကြိုင်များ

ကျွန်မဒီရောက်ခါစက အသီးရွက် အသားငါး အခေါ်အဝေါ်တွေကို ဘယ်လိုခေါ်ရမှန်းမသိဘူး။ အဲ........မမလုရဲ့ အခေါ်အဝေါ်ကိုတွေ့မှ တော်တော်လေး အဆင်ပြေသွားတယ်။ မဟုတ်ရင် အဘိဓာန်စာအုပ်ထဲဟိုလှန်ရှာ ဒီလှန်ရှာ နဲ့လုပ်ရပါသည်။ အခု ကျွန်မသိသော အသီး အရွက် အစေ့ အမွှေး အကြိုင်များ ကို ပုံနှင့်တကွ ရေးလိုက်ပါတယ်နော်။ နောက်ထပ်သိခဲ့ရင် နောက်ဆက်တွဲလဲ ထပ်ရေးပါအုံးမည်။ အမှားပါရင်လဲ ပြောပေးပါအုံး။


မမလုရဲ့အခေါ်အဝေါ်တွေ တန်းစီရေးထားပေးလိုက်တယ်နော်။

မမလုရဲ့ ပင်လယ်စာ အခေါ်အဝေါ်

မမလုရဲ့ ပင်လယ်စာ အခေါ်အဝေါ်

မမလုရဲ့ အခေါ်အဝေါ် ၃

မမလုရဲ့ အခေါ်အဝေါ် ၎

ဆင်ခေါင်းပဲ အခေါ်အဝေါ်



ဖာလာစေ့ (cardamom)



ဇီယာ (cumin)



သစ်ဂျပိုးခေါက(cinnamon)
နာနတ်ပွင့် (star anise)



ကရဝေးရွက(bay leaf)




သံပရာရွက(lime leaf)





ဆနွင်း (Indian Saffron or tumeric)



ပဒဲကော (galingale or galangal)


ဂျင်း (ginger)



ပူစီန(mint leaves)



စပါးလင် (lemon grass)


ဖက်ဖယ်ရွက(Laksa leaves or polygonum leaves)




ပြင်းတော်သိမ်ရွက် (curry leaf)



နံနံစေ့ (coriander seed)



နံနံပင် (coriander)




ကြက်သွန်မြိတ(onion spring)




ကျူဆိုင် (chinese chives, Kui Chai)




ပင်စိမ်းရွက (basil leaves)



ရှမ်းနံန (culantro or saw leaf herb)

Wednesday, April 29, 2009

ကြက်ဆီဖူးကြော် နဲ့ မုန်လာဥချဉ်ဟင်း

ဒီရောက်ကတည်းက ကြက်ဆီဖူးကို သတ်သတ် မ၀ယ်စားဖူးပါ။ မတွေ့တာလဲ ပါပါတယ်လေ။ ဟိုတလောက စုဘူးအိမ်လေး က ကြက်ဆီဖူးကြော်တင်တော့ စားချင်လိုက်တာ အရမ်းပဲ။ ဘယ်မှာဝယ်ရလဲလို့တောင် မေးယူရတယ်။ ဒီနေ့တော့ Shop n Save မှာ ကြက်ဆီဖူးတွေ့တာနဲ့ ပျော်ပျော်ကြီးဝယ်လာခဲ့တယ်။ သူကတော့ မကြိုက် ကိုယ်ပဲစားပလိုက်တယ်။





ကြက်ဆီဖူးကြော် သုံးဆောင်သွားပါအုံးလား။




ခရမ်းသီးကြော် သုံးဆောင်သွားပါအုံးလား။




မုန်လာဥ ချဉ်ဟင်း သုံးဆောင်သွားပါအုံးလား။ (ငါးရံခြောက်လေး နည်းနည်းပါ ထည့်ချက်လိုက်ပါတယ်)




ငွေပင်လယ် ငါးမုန့်ကြော် စားသွားအုံးနော်။


ကြက်ဆီဖူးကြော်ပုံ

ကြက်ဆီဖူးကို အဖုပါတဲ့ဘက် အပေါ်ကနေ ဓားနဲ့လှီးလိုက်ပါ။ ပြီး ရေနဲ့သေချာစွာဆေးပါ။ ကျွန်မကတော့ အနံ့နံမှာစိုးလို့ မန်ကျည်းမှည့်နဲ့ပါ ဆေးလိုက်ပါတယ်။ ပြီး ဆား၊ အချိုမှုန့်၊ ဆနွင်း၊ ဂျင်းလက်တစ်တဆစ်ထောင်း အရည် နဲ့နယ်လိုက်ပါတယ်။ ကြော်မယ့်အိုးတည်ပါ။ ဆီနည်းနည်းထည့်ပါ။ ဆီကျက်လာရင် နယ်ထားတဲ့ ကြက်ဆီဖူးကို ကြော်ပါ။ အဲ.........ဂျင်းလဲပါးပါးလှီးပြီး ထည့်ကြော်လိုက်ပါတယ်နော်။ ကြက်ဆီဖူးကြိုက်တတ်ရင်တော့ အဲလိုလေး ကြော်စားလဲ ကောင်းပါတယ်နော်။



ခရမ်းသီး ကြော်နည်း

ခရမ်းသီး အနေတော် ၁ လုံးကို အခွံနွှာ ရေဆေးပါ။ ပြီး ထမင်းအိုးအန် နဲ့ ပေါင်းလိုက်ပါတယ်။ အိတဲ့အထိ ပေါင်းပေးပါ။ ကြော်မယ့်အိုးတည်ပါ။ ဆီနည်းနည်းထည့်ပါ။ ဆီကျက်လာရင် ကြက်သွန်ဖြူ ၂ တက်ထောင်းကိုထည့် ၊ ဆနွင်းနည်းနည်းထည့်ပြီး ဆီသတ်ပါ။ ပေါင်းထားတဲ့ ခရမ်းသီးကို ဓားနဲ့တောက်တောက်စင်းပြီးထည့်၊ ဆား၊ အချိုမှုန့် နည်းနည်းထည့်ကြော်ပါ။ ဒါဆိုရင်တော့ ခရမ်းသီးကြော်ရပါပြီနော်။ ဒါကတော့ သူ့အကြိုက်။

Tuesday, April 28, 2009

ဂျပန်ဆိုင်သို့ လည်လည်သွားရာဝယ်


အခုရက်ပိုင်း အလုပ်လေးတွေရှုပ်နေလို့ပါ။ ဒါနဲ့ မနေ့က ညနေစာကို အပြင်မှာပဲစားဖြစ်ကြတယ်။ ဟိုတခါ စပါကတီ စားတုံးက ကိုယ်တော်ကြီးကတ်နဲ့ ရှင်းလိုက်ရလို့ မကျေပွဲနွဲတာလဲ ပါတာပေါ့။ ကျွန်မကတ်ကိုလဲ အက်တီဗိတ် (activate) လုပ်ပြီးပါပြီ။ ဒီတခါ ကျွန်မကတ်နဲ့ရှင်းပေါ့။ ဒီဂျပန်ဆိုင်ကို အခုမှစားဖြစ်တယ်။ ကျွန်မထင်တာ အဲဒီဂျပန်ဆိုင်ကို ဆိုင်ကတဆိုင်တည်းရှိတယ်မှတ်နေတာ။ ဘယ်မဟုတ်မလဲ အထဲဝင်သွားမှ Japanese Food Court တန်းကြီးကိုး။ ကြိုက်တဲ့ဆိုင်မှာ ကိုယ်ကြိုက်တာတွေကြည့်ပြီးစားရုံပဲ။ ဆူရှီလိပ်မျိုးစုံကို ဗူးနဲ့ထုပ်ပြီး ရောင်းတာလဲရှိတယ်။ အဲဒါတွေတော့မစားဖြစ်ခဲ့ပါဘူး။ အပြင်မှာစားဖြစ်ရင် ကျွန်မက အချဉ်အစပ်ကြိုက်တော့ အချဉ်အစပ်ပါတဲ့ ယိုးဒယားစာစားဖြစ်တာ ပိုများတယ်။


အဲ.......... ဆိုင်တစ်ဆိုင်ချင်း ကြည့်စားဆိုတော့ ကိုယ်တော်ကြီးလဲ သူစားချင်တာကြည့် ၊ ကျွန်မလဲ ကျွန်မစားချင်တာကြည့်ပြီး စားကြတာပေါ့။ စားတာချင်းလဲမတူတော့ ကျွန်မလဲ ကိုယ့်ပိုက်ပိုက်ပေး ၊ သူလဲ သူ့ပိုက်ပိုက်ပေးဖြစ်ခဲ့ကြပါတယ်။ ပြောချင်တာက ကျွန်မကျွေးမယ်ဆိုပြီးသွားတာ ဒီတခါလဲ ကျွန်မကတ်ကို အသုံးမပြုခဲ့ရကြောင်း၊ ပိုက်ဆံမကုန်ခဲ့ဘူးဆိုတဲ့အကြောင်းပါ။ အဲလိုလေး လှည့်ပတ်ပြီးခေါ်သွားလိုက်တယ်။ အဟီး........တွေ့လား မိုးကောင်းသူတို့ အကျင့်မကောင်းပုံများနော်။ စားသောက်ပြီးတော့ ဖျော်ရည်ဝယ်မသောက်တော့ဘဲ cold storage မှာ ဒိန်ချဉ်တယောက်တဗူးဝယ်ပြီး ပြန်လာခဲ့ပါကြောင်း။ (အဲဒါတော့ ကျွန်မပေးလိုက်တယ်) ကျွန်မတို့ စားဖြစ်ခဲ့တဲ့ ဂျပန်ဆိုင်ရဲ့က Northpoint Shopping Centre Yishun Avenue 2, 930 #03-47/#03-50 ပါ။




ဒါက ကိုယ်တော်ကြီး စားတာပါ။ အဲဒါ ဘယ်လိုခေါ်လဲ သူ့ကိုမေးတော့ Value meal set ဆိုလား ဘာဆိုလား အဟီး ။ (ငါးသေတ္တာငါးကင်ရယ် ၊ မုန့်ညှင်းကြော်ရယ် ၊ ၀က်သားပြား နဲ့ ရေကညွတ်နဲ့ကြော် ၊ ကြက်ဥပေါင်းရယ် ၊ ထမင်းကို တြိဂံပုံလုပ်ထားရယ် ပါတယ်) ဂျပန်တွေများ တယ်ပြီး အလှကြိုက်ကြတယ်နော်။ ဂျပန်တွေက စားစရာကို လှနေအောင်လုပ်တတ်တယ်နော်။



ဒါက ကျွန်မစားတာပါ။ Yakiniku တဲ့။ အမဲသား နဲ့ ထမင်းပါ။ ဂျပန်ထမင်းသုပ်ခေါ်မလား မသိ။ :D ရောနယ်ပြီးစားပလိုက်တယ်။ (အမဲသားလွှာရယ် ၊ အာလူးအချောင်းရယ် ၊ မျှစ်စိမ်းရယ် ၊ ရေညှိခြောက်ရယ် ၊ ကြက်ဥ တလုံး ပါပါတယ်)




ရေညှိဟင်းရည် နဲ့ ကြက်ဥပေါင်း (ရေညှိဟင်းရည်က အလကားများပေးသလားလို့။ သတ်သတ်ဝယ်ခဲ့တာတဲ့)

Monday, April 27, 2009

ကြက်ဥကြော် ၊ ငံပြာရည်ချက် နဲ့ အတို့



ကျူဆိုင် နဲ့ ကြက်ဥကိုခေါက်ကြော်ထားတာပါ။ ပါးပါးလေးကြော်ပြီး လိပ်ထားတာပါ။ သုံးဆောင်သွားပါအုံးလား။





ငံပြာရည်ချက် သုံးဆောင်သွားပါအုံးလား။ (ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ပုဇွန်ခြောက်၊ ငရုတ်သီးကြော်မှုန့်၊ ငံပြာရည်၊ ဆီ ထည့်ပြီးချက်ထားတာပါ) ငံပြာရည်ချက် နဲ့ ချဉ်ပေါင်းဟင်းရည်ဆို လိုက်မှာနော်။ ချဉ်ပေါင်မ၀ယ်ထားတော့ ရှိတာနဲ့စားပေါ့။ နော့်



ဲို
သခွားသီး နဲ့ ဥနီ အတို့




ပဲရေပွကြော် (သူကတော့ ငံပြာရည်ချက်နဲ့ ပဲရည်ပွကြော်နဲ့ နယ်စားလေရဲ့)





မနေ့က ကြာဇံ နည်းနည်းကျန်တာကို ကြော်လိုက်တယ်။ သုံးဆောင်သွားပါအုံးလား။ ပလိန်းကြော်ထားလို့ အရမ်းတော့ကောင်းဘူးနော်။



ကြက်ပြုတ်ရည်

Sunday, April 26, 2009

ကြေးအိုးဆီကျက် နဲ့ ကြေးအိုး

အခုတလော ဟိုအိမ်လည်လဲ ကြေးအိုး ဒီအိမ်လည်လဲ ကြေးအိုး ဆိုတော့ မိုးကောင်းသူတို့လဲ ကြေးအိုး လုပ်ကြည့်အုံးမှဆိုပြီး မနေ့က လုပ်စားလိုက်ပါတယ်။ ကြေးအိုးဆိုပြီး နာမည်သာ တတ်ရသည်။ ကိုယ်တော်ကြီးက ကြာဆံပြုတ်ကြီးပါတဲ့။ အဟီး

ဒီမှာလဲ စပါယ်ရှယ် ကြေးအိုးတွေ ရှိတယ်နော်။

မလုလု ကြေးအိုး
မလိခ ကြေးအိုး
မမ၀ါ ကြေးအိုး
ချစ်ဇနီးလက်ရာထမင်းဘူး ကြေးအိုး
TTSweet ကြေးအိုး




ကြေးအိုးဆီချက် သုံးဆောင်သွားပါအုံးလား။ ဒါက ကိုယ်တော့် ပန်းကန်





ကြေးအိုး သုံးဆောင်သွားပါအုံးလား။ ဒါက ကျွန်မ ပန်းကန်





ဆော့စ်အချဉ် (ကြက်သွန်ဖြူ ၊ ငရုတ်သီး ၊ သံပရာသီး ၊ ငရုတ်သီးဆော့စ် ထည့်ပြီးလုပ်ထားပါတယ်)




ဟင်းရည်အိုး ၀က်သားတောက်တောက်လုံး ၊ ကြက်တောင်ပံနဲ့ ခြေထောက်၊ ကြက်ဥ ပြုတ်ထည့်ထားပါတယ်။ ငုံးဥဈေးကြီးလို့ ကြက်ဥပဲ ပြုတ်ထည့်လိုက်တယ်။ :D



အအီပြေ သစ်တော်သီးသုပ် နဲ့ sunkit ဆန်းကစ်သီးသုပ် သုံးဆောင်သွားပါအုံးနော်။ ဓာတ်ကျနေလို့ပါ။ ဒီနေ့ သူတော့စားဖူး။ တစ်ယောက်တည်း စားပလိုက်တယ်။ အေးရော.......

Saturday, April 25, 2009

ပြောင်းဖူး ထမင်းသုပ်

မနေ့က နေ့လည်စာနဲ့ညနေစာကို ညနေ ၄ နာရီလောက်မှ လက်ဖက်သုပ်ပြီး နေ့လည်လဲမဟုတ် ညနေစာလဲမဟုတ် ဘာမှလဲမချက်ဖြစ် ကြားစာပေါင်းစားဖြစ်တယ်။ အရှုပ်လေးတွေလုပ်နေရလို့။ အဲလေ.............အလုပ်လေးတွေရှုပ်နေလို့ပါ။ စားသောက်ပြီး မောမောနဲ့အိပ်လိုက်တာ ညကြီး ၁၂ နာရီကျော်မှ နိုးပါလေရော။ ဗိုက်ကလဲဆာနေပြီ။ ရှိတာလဲ ပြောင်းဖူးပဲ ပြုတ်ထားတယ်။ ဒီတော့ ပြောင်းဖူးထမင်းသုပ် လုပ်စားလိုက်ပါတယ်။ ရေနွေးကြမ်းနဲ့ မျောချလိုက်တယ်။ ရေနွေးကို တောင်ဓာတ်ပုံ ရိုက်လိုက်ရဘူး။



ပြောင်းဖူး ထမင်းသုပ်လေး သုံးဆောင်သွားပါအုံးလား။ ဒါက ကျွန်မ ပန်းကန်ပါ။ (ဆား၊ ဆီ၊ ပြောင်းဖူးပြုတ်နဲ့ နယ်ထားတာပါ)




ပြောင်းဖူးနဲ့ လက်ဖက်အရော ထမင်းသုပ်လေး သုံးဆောင်သွားပါအုံးလား။ ဒါက ကိုယ်တော့် ပန်းကန်ပါ။ (ဆား၊ ဆီ၊ လက်ဖက်၊ ပြောင်းဖူးပြုတ်နဲ့ နယ်ထားတာပါ)



ကြိုက်တဲ့ ပန်းကန်သာ စားသွားနော်။ အားမနာနဲ့။ အိုး........ ဇွန်းလဲမပါ ပါလား။ ကိုယ့်အိမ်က ဇွန်းမလာပြီး ကော်စားသွားနော်။ အဟဲ....... စေတနာကောင်းလိုက်လေ။

လက်ဖက်သုပ် နဲ့ သစ်တော်သီးသုပ်

မနေ့က လက်ဖက်နေ့ရက်ဆိုတော့ သုပ်ကျွေးထားတာပါရှင်။ ဒီနေ့တော့ ပြောင်းဖူးမပါဘဲ ရိုးရိုးလေးသုပ်ထားပါတယ်။ အဟဲ အထူးသတိပေးချင်တာတော့ မိုးကောင်းသူလေးရဲ့ ဒီနေ့လက်ဖက်သုပ်ကို စားမယ်ဆိုရင် လေကွယ်ရာမှာ စားကြနော်။ ခရမ်းချဉ်သီး နဲ့ ဂေါ်ဖီက ပါးပါးရားရားလေးလှီးထားတယ်ဆိုတော့ လေတိုက်ရင် လွင့်သွားမှာစိုးရိမ်လို့ပါ။ ဟီးဟီးးးးးးးးးးးးးးးးးးးးး



လက်ဖက်သုပ်လေး သုံးဆောင်သွားပါအုံးလား။



သစ်တော်သီးသုပ်လေး သုံးဆောင်သွားပါအုံးလား။ (ဆား၊ အရောင်တင် ငရုတ်မှုန့် နဲ့နယ်ပြီး သုပ်ထားတာပါ။ ရန်ကုန်စတိုင် အသီးကို သုပ်စားလိုက်ပါတယ်နော်)

Friday, April 24, 2009

ပုဇွန်ငါးပိချက် နဲ့ သခွားသီး အတို့

ဒီနေ့တော့ ဘာချက်လို့ ဘာချက်ရမှန်းမသိ။ အဲဒီတော့ ပုဇွန်ကိုချက်လိုက်မယ်လို့စဉ်းစားလိုက်တယ်။ ဆီပြန်လဲ မစားချင် ထုံးစံအတိုင်း ငါးပိချက်လေးချက်လိုက်မယ်ပေါ့။ ပြီး သခွားသီးလေးကို အချဉ်သုပ်လေး သုပ်မယ်ပေါ့။ သခွားသီးကိုလဲ မသုပ်ဖြစ် ပုဇွန်ကို အခွံမခွာဖြစ်ဘဲ ငပျင်းချက် ချက်လိုက်ပါတယ်။ နေလို့သိပ်မကောင်းလို့ပါ။ အဟီး ဒီနေ့တော့ ဒါလေးပဲ သုံးဆောင်သွားပါအုံးနော်။



သုံးဆောင်သွားပါ အုံးလား။ ပုဇွန်ငါးပိချက်နည်းကို ဒီမှာ ရေးဖူးပါတယ်နော်။ ပြီးတော့ ပဲကြီးဟင်းရည်ချက်လိုက်တယ်။ ဓာတ်ပုံတော့ ရိုက်လိုက်ဘူးနော်။ ပဲကြီး ၁ကီလို ၀ယ်ထားတာ ကျန်ပါသေးတယ်။ နောက် ၂ ခါလောက် အနည်းဆုံး ချက်လို့ ရအုံးမည်။



ဟောဒီက သခွားသီး အတို့။



ဘာလို့လဲ မသိ နဂါးမောက်သီးကို ဓာတ်ကျနေသည်။ သူကတော့ သိပ်မကြိုက် ကိုယ်ပဲ များများစားတယ်။ စားသွားအုံးနော်။

Wednesday, April 22, 2009

အမဲသားနှပ်ချက် နဲ့ ကန်စွန်းချဉ်ဟင်း

ဒီနေ့တော့ နေလို့ တော်တော်လေးကောင်းလာပါပြီ။ လာလည်သူအားလုံးကိုလဲ ကျွန်မမိုးကောင်းသှူလေးက အထူးပင် ကျေးဇူးတင်ပါတယ်နော်။ စာကို ရှည်ရှည်ဝေးဝေးမရေးလိုက်သေးဘူးနော်။ နောက်နေ့များမှာမှ ရှည်လျှားထွေပြားအောင် ရေးပါအုံးမည်။




အမဲနှပ်လေး သုံးဆောင်သွားပါအုံးလား။ အမဲနှပ်ချက်နည်းကို ဒီမှာ ရေးဖူးပါတယ်နော်။



သုံးဆောင်သွားပါအုံးလား။



ကန်စွန်းချဉ်ဟင်း သုံးဆောင်သွားပါအုံးလား။

Tuesday, April 21, 2009

ဖက်ထုပ် (ကြော် ၊ ပေါင်း ၊ ပြုတ်)

မနေ့ကတော့ ဘာမှချက်ဘူး။ အပြင်မှာပဲစားလိုက်တယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ဖက်ထုပ်ကို အမျိုးမျိုးလုပ်စားတာကို ဒီနေ့တင်လိုက်တယ်နော်။




ဖက်ထုပ်ကြော်ပါ။ အားလုံး ကျွတ်နေအောင်မကြော်ဘဲ ဒီလို ဖက်ထုပ်ကြော်ကို ပိုကြိုက်ပါတယ်။ ဆီနည်းနည်းလေးနဲ့ ကြော်တာမို့လို့ အရမ်းလဲ မအီပါဘူး။ ကျွန်မတို့ အိမ်မှာ ဒီလိုပဲကြော်တယ်။ ဒီအကြော်ကို သူလဲစား ကိုယ်လဲစား။ သုံးဆောင်သွားပါအုံးနော်။ အီရင် အချဉ်နဲ့တို့စားနော်။



ဒါက ဖက်ထုပ်ပေါင်းပါ။ ကိုယ်တော်က ပူရင်မကြိုက်လို့ အပေါင်းလုပ်လိုက်ပါတယ်။ အပေါင်းကလဲ အကြော်နဲ့တောင် သိပ်မကွာဘူး။ ဆီမပါတာဘဲ ရှိတယ်။ သုံးဆောင်သွားပါအုံးနော်။
( မန္တလေားမေ ဖက်ထုပ်ပေါင်းဆိုင် ကဖက်ထုပ်ပေါင်းနဲ့ နင်လား ငါလားပဲ ဟီးဟီး ဖက်ထုပ်ရွက်က ၀ါနေလို့ပါ။ နည်းနည်းလေး တူပါတယ်။ ပေါင်းတာချင်းတူတာကိုပြောတာပါ။ )



ဒါက ဖက်ထုပ်ပြုတ်ပါ။ ကျွန်မကတော့ ပူပူနွေးနွေး ကြိုက်လို့ အရည်သောက်လေးလုပ် စားလိုက်ပါတယ်။ ကျွန်မက ဟင်းရည်ဆို လျှာကျက်ရင် ကျက်သွားပါစေ ပူပူကျွတ်ကွတ်မှ ကြိုက်တယ်။ ဘေဘီမုန့်ညှင်း၊ ခနောတုံးတခြမ်း (ကြက်သားမှုန့်) နဲ့ ငရုတ်ကောင်းမှုန့်နဲ့ အရည်သောက်လုပ်စားလိုက်ပါတယ်။ သုံးဆောင်သွားပါအုံးနော်။




ဒီအချဉ်ရည်နဲ့ တို့စားပါတယ်။ (ဂျင်းပါးပါး၊ ကြက်သွန်ဖြူတောက်တောက်စင်း၊ ငရုတ်သီးတောက်တောက်စင်း၊ ပဲငံပြာရည်/Dark soy sauce ၊ အချိုမှုန့်၊ သံပရာသီးညှစ်၊ ရေကျက်အေးထည့်ပြီး အချဉ်လုပ်လိုက်ပါတယ်။ နှမ်းလှော်လေးထဲလဲ ကောင်းပါတယ်။ ကျွန်မမှာ နှမ်းလှော်မရှိလို့ မထည့်လိုက်ပါဘူးနော်။) တချို့လဲ ငရုတ်သီးကြော် ဆီကျက်မွှေးမွှေးပါတို့စားတတ်ပါတယ်။ ကြိုက်တာနဲ့သာ တို့စားနော်။ အားမနာနဲ့။




ကြော်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့်ပြီး ပွတ်လိုက်တယ်။ ပြီးတော့ ဖက်ထုပ်လေးတွေ တန်းစီလိုက်တယ်။



ပြီးတော့ ဖက်ထုပ်ရွက်နဲ့ ဒီလို မလှမပလေး ထုပ်လိုက်ပါတယ်။



စောကော၊ ဆား၊ အချိုမှုန့်နဲ့ထည့် နယ်ပြီးသောအခါ



ဝက်သားတောက်တောက်၊ ဂေါ်ဖီထုပ်တောက်တောက်၊ ကျူဆိုင်တောက်တောက်




ကျူဆိုင်ကို မသိမှာစိုးလို့ ဓာတ်ပုံရိုက်လိုက်တယ်။ ကြက်သွန်မြိတ်နဲ့တူတယ်။ ဒါပေမယ့် ကြက်သွန်မြိတ်က လုံးလုံးနဲ့အခေါင်းပေါက်၊ ကျူဆိုင်က ပြားပြာချပ်ချပ်ပါ။ ကျူဆိုင်ကို ကြက်ဥနဲ့လဲ ရောပြီးကြော်စားကြပါတယ်။ တစည်းကျန်သေးတယ်။ နောက်နေ့မှ ကြက်ဥနဲ့ ကြော်အုံးမယ်လေ။ ကျူဆိုင်မှာ အဖူးနဲ့ဟာလဲရှိသေးတယ်။ ခေါ်တာတော့ ကျူဆိုင်ပဲခေါ်လားတော့မသိဘူး။ ကျွန်မအထင် အိမ်မှာခေါ်တာတော့ ကြက်သွန်ဖူး လို့ခေါ်တယ်ထင်တယ်။ သူရဲ့ အရသာက ပိုချိုတယ်။ အသားတွေနဲ့ကြော်စားတတ်တယ်။ မှားရင်လဲ ပြောပေးပါအုံးနော်။ အဲ....ဂေါ်ဖီထုပ်သေးသေးကိုတော့ တခြမ်းပဲထည့်လိုက်တယ်။



လိုအပ်သောအရာ


အသား တောက်တောက်စင်း (၀က် ၊ ကြက် မိမိကြိုက်ရာထည့်နော်။ ဒါမှ မဟုတ်လဲ ကြက်ဥကိုခေါက်ကြော်ပြီး တောက်တောက်စင်းထည့်လဲ ရပါတယ်)
ကျူဆိုင် (Koo Chive, Chinese Chive, Kui Chai ဆိုပြီးရေးထားတတ်ပါတယ်။ နောက်ထပ်ဘယ်လိုတွေခေါ်သေးလဲမသိဘူး။ သိရင်ပြောပေးပါအုံးနော်)
ဂေါ်ဖီထုပ်
ဖက်ထုပ်ရွက် (ကိုယ်တိုင်တော့ မလုပ်တတ်ပါဘူး။ ဈေးကနေ လုပ်ပြီးသားဝယ်ခဲ့တာပါ။ ၂၀၀ ဂရမ်ကို ဖက်ထုပ်ရွက် ၃၅ ရွက်ရပါတယ်။ လုပ်စားမယ်ဆို ဖက်ထုပ်ရွက် ချိန်ဆလို့ရအောင် ပြောပြသာပါ။ ကျွန်မ ၀ယ်ခဲ့တဲ့ ဖက်ထုပ်ရွက်က နည်းနည်းဝါတယ်။ ကျွန်မက အဖြူရွက်ကိုပိုက်ကြိုက်တယ်။)


ဖက်ထုပ်ကြော်ပုံ


ကြော်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့်ပြီး ပွတ်ထားပါ။ အိုးမကပ်အောင်လို့ပါ။ ပြီးရင် ဖက်ထုပ်ကိုတန်းစီပါ။ ပြီးရင် ရေကို လက်တဆစ်ထည့်ပြီး မီးဖြည်းဖြည်းနဲ့ ကြော်ပေးပါ။ ၁၅ မိနစ်လောက်ကြာပါတယ်။ ရေထည့်မှလဲ အပေါ်က ဖက်ထုပ်သားတွေကျက်မှာပါ။ ရေခမ်းရင် အိုးကို ဟိုလှည့် ဒီလှည့်လုပ်ပေးပါ။ ဖက်ထုပ်ဖင် (ဖက်ထုပ်အောက်သား) များ အကျွတ်ညီသွားအောင်လို့ပါ။ မီးကို အရမ်းကြီးပြင်းစရာမလိုဘူးနော်။ အရမ်းကြီးမီးပြင်းလဲ တူးသွားလိမ့်မယ်။ စိတ်တော့ရှည်ရတယ်။ ကဲ ဒီလို အကြော်လေး လုပ်စားကြည့်ပါလား။ ဒီလိုကြီးကြော်ရတာ စိတ်မရှည်ရင်လဲ ဆီများများနဲ့ ကြော်စားလဲ ရတယ်နော်။ ဒီလိုဆီများများနဲ့ ကြော်တာတော့လဲ တမျိုးတဖုံစားကောင်းတာပေါ့။ ကြိုက်သလိုသာ ကြော်စားနော်။


ဖက်ထုပ်ပေါင်းပုံ


ဖက်ထုပ်ပေါင်းတာကတော့လွယ်လွယ်လေးပါ။ ထမင်းအိုးအန်ထဲထည့်ပြီး ပေါင်းလိုက်တာပါပဲ။ ခက်ပါဘူးနော်။



ဖက်ထုပ်ပြုတ်ပုံ


ရေနွေးတည်ပြီး ဆူလာရင် ဘေဘီမုန့်ညှင်း၊ ခနောတုံးတခြမ်း (ကြက်သားမှုန့်)၊ ငရုတ်ကောင်းမှုန့် နဲ့ ဖက်ထုပ်ကိုထည့်ပြုတ်လိုက်တာပါ။ ဘေဘီမုန့်ညှင်းက မထည့်လဲရပါတယ်နော်။ ခနောတုံးမရှိလဲ ဆား၊ အချိုမှုန့်ထည့်ရပါတယ်နော်။ ဒါလဲ ခက်ပါဘူးနော်။