Friday, February 27, 2009

သောကြာနေ့နဲ့လက်ဖက်



ယနေ့ ညနေစာ



ကြက်တောင်ပံကြော်၊ ငါးပိထောင်းသုပ်၊ မုန်လာဥချဉ်ဟင်း (မန်ကျည်းမှည့်အချဉ်အစား မက်လင်ခြောက်ဖက်နဲ့ချက်တာပါ)

ကြက်တောင်ပံကြော်



ကြော်နည်း
ကြက်တောင်ပံကို ဆား၊ အချိုမုန့်၊ သကြား၊ ဆနွင်း အနည်းငယ်ထည့်ပြီးနယ်ပါ။ ပြီး ဂျင်းလက်တဆစ်ကို ထောင်းပြီး အရည်ညစ်ထည့်ပါ။ ၁၅ မိနစ်လောက်ခဏ နပ်ထားပါလေ။
ကြော်မယ့်အိုးထဲသို့ ဆီအနည်းငယ်ထည့်တည်ပါ။ ဆီကျက်လာရင် နယ်ထားသော ကြက်တောင်ပံကိုထည့်ကြော်ပါ။ မီးဖြည်းဖြည်းနဲ့ကြော်ပေးပါ။ သကြားပါထည့်ထားလို့ အရမ်း ကျွမ်းသွားမှာ စိုးလို့ ပါ။ နီရဲလာရင် ကြက်တောင်ပံကြော် ချိုချိုကျွတ်ကျွတ်လေး ရပါပြီ။

ယနေ့ ညနေစာ



ကြက်သားကချင်ချက်၊ ငွေပင်လယ် ငါးမုန့်ကြော်၊ နောက်တခွက်က အရန်ဘဂိုး (အရိုးပန်းကန် :D)

ကြက်သားကချင်ချက်



လိုအပ်သောအရာ
ကြက်သား (သို့) ကြက်ရိုး
ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ဂျင်း ၊ မက်လင်ဖက်ခြောက်၊ ငရုတ်သီးစိမ်း
ဗမာနံနံ၊ ပင်စိမ်း၊ ရှမ်းနံနံ၊ ဖက်ဖယ်ရွက်

ချက်ပြုတ်ပုံ
ကြက်သားကို အတုံးသေးသေးတုံးထားပြီး ဆား၊ အချိုမုန့်၊ ဆနွင်း အနည်းငယ်ထည့်ပြီးနယ်ထားပါ။ ကျွန်မက အရိုးချက်တာ ပိုကြိုက်လို့ အရိုးများများနဲ့ချက်ထားတယ်။ ကြက်သွန်နီ ၂ လုံး ၊ ကြက်သွန်ဖြူ ၅ တက်၊ ဂျင်း လက်တဆစ်ကို ထောင်းပါ။ ဗမာနံနံ၊ ပင်စိမ်း၊ ရှမ်းနံနံ၊ ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်းတို့ကို တောက်တောက် စင်းထားပါ။ ကျွန်မကတော့ ဗမာနံနံနဲ့ ဖက်ဖယ်ရွက်ပဲ ၀ယ်ထားတာ ရှိလို့အဲဒီ ၂ မျိုးနဲ့ ငရုတ်သီးစိမ်းပဲ တောက် တောက်စင်းထားတယ်။ ချက်မယ့်အိုးထဲသို့ ဆီနည်းနည်းပဲထည့်ပါ။ ဆီကျက်ရင် ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ဂျင်း တို့ကို ဆီသတ်ပါ။ ပြီးကြက်သားထည့်ပါ။ ၅ မိနစ်လောက် လုံးထားပါ။(ခဏထားပေးပါ လို့ ပြောတာပါ)။ အရည်သောက် အဖတ်စားချက်မှာမို့လို့ ရေနွေးလိုသလောက်ထည့်ပါ။ ဆူနေအောင်တည်ထား ပါ လေ။ ဆားနဲ့ အချိုမုန့်ကတော့လိုအပ်ရင်တော့ထည့်ပါ။ ကြက်သားဟင်းရည်ဆူပွက်လာရင် မက်လင်ဖတ်ခြောက် ၃ ဖတ်လောက်ထည့်၊ တောက်တောက် စင်းထားသော ဗမာနံနံ၊ ပင်စိမ်း၊ ရှမ်းနံနံ၊ ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်း တို့ကိုထည့်ပြီး ခဏကြာအောင်တည်ထားပေးပါ။ အနံများမွှေးကြိုင်လာရင်တော့ ကြက်သားကချင်ချက်ရပါပြီ။
(ပိုပြီးချဉ်ချဉ်စားချင်ရင်တော့ မက်လင်ဖတ်ခြောက်ပိုထည့်ပေးပါ။ မက်လင်ဖတ်ခြောက်မရှိလဲ သံပရာသီးညစ်ထည့်ပေးလဲ ရပါတယ်)

Thursday, February 26, 2009

မုန့်ဟင်းခါး


ပြီးခဲ့တဲ့ တနင်ဂနွေနေ့က ကိုယ်တော်ကြီးရဲ့သူငယ်ချင်းများနဲ့ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးချက်စားတယ်။


ပဲကြော်၊ အီကြာကွေး၊ ပဲတောင့်ရှည်၊ နံနံ၊ ငရုတ်သီးလှော်ထောင်း စပ်မှစပ်(အိမ်ကပို့ပေးတာ)၊ သံပရာသီး၊ ပူစီနံ (မော်လမြိုင်ကလား ကျိုက်ထိုကလား မသိ၊ ပူစီနံပါထည့်စားတယ်တဲ့) သူငယ်ချင်း အစ်မက ပြောတယ်။ ပူစီနံကလဲ ရှိတာနဲ့ ထည့်လိုက်တယ်။
(အဆင်သင့်ချက်ရုံပဲဆိုတော့ မုန့်ဟင်းခါးချက်နည်းတော့ မရေးတော့ဘူး။)

မာလာငါးဟင်း


ဘုရားစူး ငါးပါတယ်နော်။ အမြီးပိုင်းလေး တွေ့လား။ ငါးကကျောက်ကျောချောင်းတွေနဲ့ဖုံးနေတယ်။ ဟဲဟဲ


ဒီမာလာငါးဟင်း အနှစ်ထုပ်နဲ့ချက်တာ (သူငယ်ချင်းပေးတဲ့လက်ဆောင်ပါ) လက်ဆောင်များနဲ့အလုပ်ဖြစ်နေ၏။ :D


ချက်ပြုတ်နည်း

ကျောက်ကျောချောင်းကို ရေ ၁ နာရီလောက်စိမ်ထားပါ။ ပြီး ပြုတ်ထားပါ။
ငါးကို ဆား၊ အချိုမုန့်၊ ဆနွင်းအနည်းငယ်ထည့်ပြီး ကြော်ထားပါ။ ကျွတ်နေအောင်ကြော်စရာမလိုပါဘူး။ ဟင်းနှစ်နဲ့ရောလိုက်ရင် ငါးကြေသွားမှာစိုးလို့ တဘတာ ကြော်ရုံပါ။
ကြက်သွန်နီ ၂ လုံးကို လေးခြမ်းစိတ်၊ ကြက်သွန်ဖြူ ၅ တက်ကို အရှည်လိုက်လှီး၊ ဂျင်း အနည်းငယ်ကို အရှည်လိုက်လှီး၊ ခရမ်းချဉ်သီး ၂ လုံး လေးခြမ်းစိတ်၊ ငရုတ်သီးစိမ်း ၁၀ ထောင့်ကိုနှစ်ခြမ်းခြမ်း၊ ဗမာနံနံ အနည်းငယ်ကိုတောက်တောက်စင်း၊ ပင်စိမ်းရွက် အနည်းငယ်ကိုတောက်တောက်စင်း၊ ဖက်ဖယ်ရွက် အနည်းငယ်ကို တောက်တောက်စင်း (မိုးကောင်းကအခေါ်အဝေါ်တော့ ဖက်ဖယ်ရွက်လို့ခေါ်တယ်။ ဒီက စလုံးအခေါ်အဝေါ်တော့ (Laksa Leaf) ဆိုလားပဲ။) ဒါတောင် ရှမ်းနံနံပါထည့်ရင်ကောင်းတယ်။ အမွှေးအကြိုင်တွေစုံသွားတာပေါ့။ စုံလဲ စား။ မစုံလဲ စားပေါ့လေ။ ဟဲဟဲ..........
ပြီးချက်မယ့်အိုးကို ဆီအနည်းငယ်ထည့်ပါ။ ဆီကျက်ရင် လှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ဂျင်း ထည့်ပြီး ဆီသတ်ပါ။ အရောင်နီလာသည် အထိ စောင့်စရာမလိုပါဘူး။ အနည်းငယ် ပျော့သွားရင် ရပါပြီ။ ပြီး မာလာငါးဟင်းအနှစ်ထုပ်ထည့်ပါ။ ကြော်ထားတဲ့ငါးထည့်ပါ။ ပြုတ်ထားတဲ့ ကျောက်ကျောချောင်းထည့်ပါ။ ရေနွေး ထည့်ပါ။ (ရေနွေးမရှိလဲ ရေအေးထည့်လဲရင်ပါတယ်) ဟင်းဆူပွက်လာရင် တောက်တောက်စင်းထား သော နံနံ၊ ပင်စိမ်း၊ ဖက်ဖယ်ရွက်များကိုထည့်ပါ။ (ဆား၊ အချိုမုန့်ကို လိုအပ်မှ ထည့်ပါ။ ဟင်းအနှစ်ကလဲ ပါပြီးသားမို့လို့ပါ)
အသင့်စားသုံးနိုင်သော ရှူးရှူးရှဲရှဲ မာလာငါးဟင်းတခွက်ပါ။ လိုအပ်ရင် ငရုတ်ကောင်းမုန့်ပါ ထည့်။ ပူပူစပ်စပ်ငါးဟင်းတခွက်။ ကောင်းလေအိ မကောင်းလေအိတော့ မသိ။ :D

Wednesday, February 25, 2009

ယနေ့ ညနေစာ



ကြက်သားချက်၊ ငါးပိထောင်း သံပရာညစ်၊ ပဲဟင်း

Saturday, February 21, 2009

သောကြာနေ့နဲ့လက်ဖက်



ဒီလက်ဖက်ကလည်း သူငယ်ချင်းက လက်ဆောင်ပေးထားတာပါ။ လာပြန်ပြီ လက်ဆောင်တွေ မပြီးနိုင်သေးဘူးနော်။ နောက်ထပ်ဆက်ရန်တွေလဲ ကျန်ပါသေးတယ်။ :D လက်ဖက်ကနပ်ပြီးသားဆိုတော့ ကိုယ်က ဘာမှပြုပြင်နေစရာမလိုပါဘူး။ ငရုတ်သီးလေး စပ်စပ်နဲ့စားချင်လို့ ငရုတ်သီးကို တောက်တောက်စင်းပြီးထည့်ထားတာပါ။ ဆီစိမ်းအနည်းငယ်တော့ထည့်ပါတယ်။ စားချင်စဖွယ်ပြင်ဆင်ကွယ်။ ကောင်းလေအိ မကောင်းလေအိတော့မသိ။ :D

Thursday, February 19, 2009

ယနေ့ ညနေစာ



ငါးရံခြောက်ထောင်းကြော်၊ ပဲဝါးလေးနဲ့ပဲကြာဇံဟင်းရည်(အပူတခွက်၊ အအေးတခွက်)၊ မရမ်းသီးကြော် (စားလို့မကုန်နိုင်သေးပါ) :D

ငါးရံခြောက်ထောင်းကြော်



ဒီနေ့တော့ ငါးရံခြောက်ကို ထောင်းပြီး ငရုတ်သီးနဲ့စပ်စပ်လေး တမျိုးကြော်လိုက်တယ်။ ဟိုနေ့က ရိုးရိုးဆီစမ်းစားပြီးပြီဆိုတော့ တမျိုးတဖုံပြောင်းလဲချက်မှ တော်တော့မည်။ တော်နေ ကိုယ်တော်က နုတ်သီးဆူနေအုံးမည်။ :D

ကြော်ပုံကြော်နည်း

ငါးရံခြောက်ကို မိနစ် ၃၀ လောက်ရေစိမ်ထားပါ။ ရေစိမ်ဖို့အချိန်မရလဲ အရေးမကြီးပါဘူး။ တခါတည်းပြုတ်လိုက်ရင်လဲ ရပါတယ်။ ငါးရံခြောက်ကို နူးနေအောင်ပြုတ်ပေးပါ။ ပြီးရင် ငါးရံခြောက်ကိုထောင်းပါ။(ထောင်းစရာ ငရုတ်ဆုံမရှိလဲ လက်နဲ့ဖိဖိပြီး ချေလို့ရပါတယ်)။ ကြက်သွန်နီ ၅ လုံးလောက်ကိုပါးပါးလှီးထားပါ။ ကြော်မယ့်အိုးထဲသို့ ဆီထည့်။ ဆီကျက်လာရင် ပါးပါးလှီးထားသော ကြက်သွန်နီကိုထည့်ပါ အရောင်အနည်းငယ် နီလာထိကြော်ပါ။ ပြီးထောင်းထားသော ငါးရံခြောက်ကိုထည့်ပါ။ အိုးမကပ်အောင် အဆက်မပြတ်မွေပေးပါ။ အရောင်နီလာအောင်အထိကြော်ပေးပါ။ ငါးရံခြောက်ရပြီဆိုရင် ချခါနီးကို ငရုတ်သီးခွဲခြမ်းဖတ်ထည့်ပါ။ အစပ်မစားရင်တော့ အချိုကြော်စားလဲကောင်းပါတယ်။ ကျွန်မကတော့ ဆား၊ အချိုမုန့်နည်းနည်းထည့်လိုက်ရသေးတယ်။ ငါးရံခြောက်က ဆားပေါ့ မို့လို့ပါ။ (ဆား၊ အချိုမုန့်က လိုအပ်ရင်တော့ထည့်ပါ)။ အိမ်က ကိုယ်တော်အကြိုက် နှာရည်များထွက်အောင် ငါးရံခြောက်ထောင်းကြော် စပ်စပ် လေး။ :D

Wednesday, February 18, 2009

အမဲနပ်နဲ့ ယနေ့ ညနေစာ



ချက်ပြုတ်ပုံ

အမဲသားကို မိမိကြိုက်သလို အတုံးတုံးပါ။ ရေဆေးပါ။ ပြီးရင် အမဲသားကို ဆား၊ အချိုမုန့်၊ ဆနွင်း၊ ဂျင်းထောင်း အနည်းငယ်ထည့်ပြီး နယ်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် နပ်ထားပါလေ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုထောင်း ထားပါ။ ချက်မယ့်အိုးထဲသို့ ဆီထည့်၊ ဆီကျက်လာရင် ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုထည့်ပါ။ အရောင်နီအောင်ထိကြော်ပါ။ အရောင်တင်အနီမုန့် အနည်းငယ်ထည့်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူများနီရဲလာ လျှင် နယ်ထားသော အမဲသားကိုထည့်ပါ။ ၅ မိနစ်လောက်လုံးထားပေးပါ။ (ဟိုမွှေ ဒီမွှေလုပ်ပေးလို့ပြောတာပါ။) ပြီးရင် ဆား၊အချိုမုန့် အနည်းငယ်ထည့် ရေထည့်ပြီး အမဲသားနူးအောင်ထိတည် ထားပါလေ။ ဆီပြန်လာရင် မဆာလာအနည်းထည့်၊ ပဲငံပြာရည်အနောက်ထည့်(ကြာညို့)ပါ။ အသင့်စားသုံး နိုင် သော အမဲနပ်တခွက်ရပါပြီ။




အမဲနပ်၊ မုန်လာဥချဉ်ဟင်း၊ ပါပလာကြော်

Tuesday, February 17, 2009

ကြက်အူချောင်းကြော်



ကြော်ပုံကြော်နည်း

ကြော်မယ့်အိုးထဲသို့ ဆီအနည်းငယ်ထည့်၊ ကြက်ဥချောင်းထည့်၊ ရေအနည်းငယ်ထည့်ပြီး အဖုံးပိတ်ထားပါ။ ရေများခန်းသွားလျှင် ကြက်အူချောင်းကြော်ရပါပြီ။ ကြက်အူချောင်းကလဲ သူငယ်ချင်းပေးတဲ့လက်ဆောင်ပါ။

ပဲစိမ်းလုံးနဲ့ကြက်ဥကြော်



ကြော်ပုံကြော်နည်း

ကြော်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့် ဆီကျက်လာရင် ပဲစိမ်းလုံးထည့်၊ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပါ။ ထည့်ထားသောရေများခန်းသွားရင် ဆား၊ အချိုမုန့်အနည်းငယ်ထည့်ပါ။ ကြက်ဥဖောက်ထည့်ပါ။ အလွယ်တကူ ကြော်လို့ရတဲ့ ပဲစိမ်းလုံးနဲ့ကြက်ဥကြော်ဟင်းတခွက်ပေါ့။

Monday, February 16, 2009

ယနေ့ ညနေစာ



အမဲကျွတ်ကြော်၊ မရမ်းသီးကြော်၊ ပဲဟင်း(သူ့တခွက်က အေးအေး၊ ကိုယ့်တခွက်က ပူပူ) :D



ပဲဝါလေးနဲ့ပဲပြားဟင်းရည်

အမဲခြောက်နှစ်ပြန်ကြော်



ကြော်ပုံကြော်နည်း

အမဲသားခြောက်ကို ၁ နာရီလောက် ရေစိမ်ထားပါ။ ရေစိမ်ပြီး ဆား၊ အချိုမုန့်နည်းနည်း ထည့်နယ်ပါ။ ကြော်မည့်အိုးထဲသို့ ဆီနည်းနည်းထည့်ပြီး ဆီအိုးတည်ပါ။ ဆီကျက်လာရင် နယ်ထားသော အမဲခြောက်ထည့်ပါ။ မီးဖြည်းဖြည်းနဲ့ ကြော်ပေးပါ။ မီးများလွန်း၊ မီးပြင်းလွန်းရင်လဲ ကျွမ်းသွားမှာစိုးလို့ပါ။ နီရဲလာရင် ငရုတ်ကျည်ပွေ့နဲ့ထုလိုကထု၊ ငရုတ်ဆုံထဲထည့်ပြီး ထောင်းလိုကထောင်း ပေးပါ။ ပြီး ဆီအိုးထဲ ပြန်ထည့် ခဏပြန်ကြော်ပေးပါ။ အမဲခြောက်နှစ်ပြန်ကြော် ကျွတ်ကျွတ်ရွရွလေး စားသုံးနိုင်ပါပြီ။

Sunday, February 15, 2009

အမဲသားနဲ့အာလူးကြော်


ဒီနေ့ ချစ်သူများနေ့မှာ (Valentines Day) သူငယ်ချင်းများနဲ့ အပြင်ထွက်မှာမို့လို့ ဟိုနေ့က ပြုတ်ထားတဲ့ အမဲသားကို အာလူးနဲ့ရောကြော်လိုက်တယ်။ အမြန်ဆုံးနည်း သုံးပြီး ကြော်လိုက်လို့ ဟိုနေ့က အမဲသားနဲ့အာလူးချက်လောက် သိပ်မကောင်းဘူးလို့ အိမ်ကကိုယ်တော်က ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ဒါပဲချက်၏။



အိမ်ကပါးလိုက်သော မရမ်းသီးကြော်



ဒီနေ့တော့ ဟင်းရည် မပါလို့ ရေနွေးကြမ်းနဲ့ မျောချရတယ်။

Friday, February 13, 2009

သောကြာနေ့ ညလည်စာတိုင်း စားဖြစ်သော အဖိုးကြီး အဖွားကြီး လက်ဖက်သုပ်



လက်ဖက်က ချဉ်စပ်ထောင်းနဲ့ ရေနွေးကြမ်း စားက ကောင်းမှကောင်း



ဒါကတော့ အိမ်ကပါးလိုက်တဲ့ ငါးပေါက်သီးဆံကို ကြော်ထားတာပါ။ ပထမဦးဆုံး လက်ဖက်နဲ့တွဲစားလိုက်တယ်။ နောက်ရက်တွေမှ ငရုတ်သီးစိမ်းနဲ့ထောင်းစားမယ်။ (အဆီများလို့ အမျာကြီးမစားနဲ့လို့ အိမ်ကကိုယ်တော်က ပြောနေသေး။ ငါ့ရဲ့ဘ၀ စားချင်တိုင်းမစားရ မလွယ်ပါလားနော်။) :D

ပုံရည်ကြီးသုပ်



ပုံရည်ကြီးထုပ်က သူငယ်ချင်းပဲတဲ့လက်ဆောင်ပါ။ ဒါလတော့ လက်ဆောင်တွေနဲ့ ဒီလင်မယား အလုပ်ဖြစ်နေတယ်။

ပုံရည်ကြီးသုပ်ပုံ

ကြက်သွန်နီကို အခွံနွှာပြီး ပါးပါးလှီးပါ။ ရေနဲ့ ၃ ခေါက်လောက်ဆေးလိုက်ပါ။ ကြက်သွန်နီ အခိုးများထွက်သွားအောင်လို့ပါ။ သုပ်စားမည့် ပန်းကန်ထဲသို့ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ပုံရည်ကြီး၊ ပုဇွန်ခြောက်ထောင်း၊ ငရုတ်သီးစိမ်း(ဒီမှာက ငရုတ်သီးစိမ်းက အနီတောင့်ပဲစပ်လို့ အနီတောင့်ကိုပဲ ၀ယ်စားဖြစ်တယ်)၊ ဆား၊ အချိုမုန့်၊ ဆီစိမ်း နည်းနည်းထည့်ပြီး သုပ်စားပါ။ လွယ်ကူသွက်လက် ထမင်းမှိန်စေမယ့် ဟင်းတခွက်ပါ။ ပုံရည်ကြီးကို မနယ်ခင်ဓာတ်ပုံ အရင်ရိုက်ထားလိုက်တယ်။ အိမ်က ကိုယ်တော် ရောက်လာမှ နယ်ဖတ်ပြီး စားပါတော့မည်။

ဒီနေ့ညနေစာကို ပဲဝါလေး ဟင်းရည်၊ ပုံရည်ကြီးသုပ်၊ မနက်ကကြော်ထားတဲ့ ငါးရံခြောက်နဲ့ အားပါးတရ စားမည်။ ပဲဟင်းက မီးဖိုပေါ်မှာပဲတည်လက်စရှိသေးလို့ ဓာတ်ပုံမရိုက်တော့ဘူးလေ။ တော်နေ အပူလှောင်ကုန်မှဖြင့်........... :D

ငါးရံခြောက်ဆီဆမ်း



ငါးရံခြောက်ကို ဆီစိမ်းနည်းနည်းပဲဆမ်းထားတာပါ။



ရေနွေးကြမ်းနဲ့တွဲစားလဲကောင်းပါတယ်။

အိမ်မှာတော့ ငါးခြောက်တွေဆိုရင် ကြော်ပဲစားတယ်။ ဖုတ်စားရင် ဟိုကျွမ်း ဒီကျွမ်း၊ ထုထောင်းလိုက်ရင်လဲ ဟိုကြေ ဒီကြေ နဲ့ဆိုတော့ စားရတာက နည်းနည်း၊ ပစ်ရတာက များများမို့လို့ ရေစိမ်ပြီး ကြော်စားလိုက်ပါတယ်။ ဖုတ်ပြီးစားရင်တော့ အနံကပိုပြီးမွှေးတာပေါ့။ ဒီမှာက ဖုတ်ဖို့ မီးသွေးမီးဖိုလဲ မရှိတော့ အိမ်ကပါးလိုက်သော ငါးရံကို ကြော်စားပါတယ်။

ကြော်ပုံကြော်နည်း

မကြော်ခင် ငါးရံကို ရေနဲ့ ၁၅ မိနစ်လောက်စိမ်ထားပါ။ ကြော်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့်ပါ။ ဆီကျက်လာရင် ရေစိမ်ထားသော ငါးရံခြောက်ကို ထည့်ပြီးကြော်ပါ။ နီနီလေးဖြစ်အောင်ကြော်ပါ။ အိုးပေါ်က ချချခြင်း ထောင်းပါလေ။ ဒါမှ ငါးရံခြောက်က မွမွလေးဖြစ်မှာပါ။ မဟုတ်ရင် ငါးရံခြောက်က မာသွားတတ်လို့ပါ။ ပြီးရင် ဆီစိမ်းကိုထည့်ပါ။ အသင့်စားသုံးနိုင်သော ငါးရံခြောက်ဆီဆမ်းမွှေးမွှေးလေးရပါပြီ။

Wednesday, February 11, 2009

အမဲသားနဲ့အာလူးချက်



အမဲသားဝယ်ခဲ့ရင် အမြဲတမ်းလို ဆား၊ အချိုမုန့်နဲ့နယ်ပြီး နူးနေအောင် အရင်ပြုတ်ထားလိုက်တယ်။ ပြီးတော့မှ ကိုယ်စားချင်သလိုမျိုး ပြန်ပြီးချက်စားတယ်။ ဒီနေ့တော့ အမဲသားကို ဆီနည်းနည်း၊ အာလူးနည်းနည်းနဲ့ရောချက်လိုက်တယ်။

ချက်ပြုတ်ပုံ
ကြက်သွန်နီ ၂လုံး၊ ကြက်သွန်ဖြူ ၃တက်လောက်ကို ထောင်းထားပါ။ ချက်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့်၊ ဆီကျက်ရင် ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုထည့်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နည်းနည်း နီလာပြီး အိသွားရင် အရောင်တင်ငရုတ်သီးမုန့်အနည်းငယ်ထည့်၊ ပြုတ်ထားသောအမဲသားထည့်၊ အာလူး ၂ လုံး အခွံနွှာပြီး လေးခြမ်းစိတ်ထည့်၊ ဆား၊ အချိုမုန့် အနည်းငယ်ထည့်၊ ရေနည်းနည်းထည့်ပြီး ဆီပြန်လာအောင်တည်ထားလိုက်ပါလေ။ ဆီပြန်လာရင် မဆာလာအနည်းငယ်ထည့်။ ပြီးလျှင် အသင့်စားသုံးနိုင်ပါပြီ။ ကောင်းလေအိ မကောင်းလေအိတော့မသိ။ :D
(ဒီတခါ ဆီနည်းနည်းနဲ့ အိုးကပ်နေအောင်ချက်ထားတာပါ။)

တိုပန်ကျန်(ခေါ်)တရုတ်ပဲငါးပိ








တိုပန်ကျန်(ခေါ်)တရုတ်ပဲငါးပိကို China Town ကနေ၀ယ်ခဲ့တာပါ။ China Town MRT ကနေသွားရင် နီးနီးလေးပါ။ ဆိုင်နာမည်က "Yue Hwa" (ရုဟွာ) လို့ခေါ်မလား ဘယ်လိုခေါ်လဲတော့ မသိ။ အဲဒီဆိုင်မှာ ကိုယ်လိုချင်တဲ့ တရုတ်အစားအစာနဲ့ပတ်သက်တာတွေ တော်တော်များများရပါတယ်။ ကျောက်ကျောချောင်း၊ ဆီတိုပူးမျိုးစုံ၊ ပဲငါးပိမျိုးစုံ၊ ခေါက်ဆွဲမျိုးစုံ၊ ဘာညာ ဘာညာ အမျိုးမျိုး အစုံစုံပဲ။ ဟီးဟီး များလွန်းလို့ သိတော့ဘူး ကြုံတုံး ကြော်ငြာပေးလိုက်ပါတယ်။ ဆိုင်ကို ကြော်ငြာနေလို့ ကော်မရှင် အခကြေးငွေလဲ မရပါဘူးနော်။ :D

Tuesday, February 10, 2009

ကြက်ဥခေါက်ဆွဲသုပ်






စားချင်စဖွယ် ပြင်ဆင်တယ်။ ကောင်းလေအိ မကောင်းလေအိတော့ မသိ။ :D


အိမ်ကကိုယ်တော်က ဒီနေ့ညနေ နန်းကြီသုပ်ဖြစ်ဖြစ်၊ ခေါက်ဆွဲသုပ်ဖြစ်ဖြစ် မစားရတာ ကြာနေပြီပြောလို့ ဒီနေ့ ညနေစာကို ကြက်ဥခေါက်ဆွဲသုပ်လုပ်စားပါတယ်။ အလွယ်တကူ ချက်စားလို့ရတဲ့နည်းပါ။ မိမိကြိုက်နှစ်သက်ရာ ဂျုံခေါက်ဆွဲနဲ့ လုပ်စားလို့ရပါတယ်။

လိုအပ်သောအရာများ
၁။ ကြက်ဥခေါက်ဆွဲခြောက်
၂။ ကြက်သား
၃။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ
၎။ တိုပန်ကျန် (ခေါ်) တရုတ်ပဲငါးပိ
၅။ ပဲပင်ပေါက်
၆။ ပဲကျက်မုန့်
၇။ နံနံပင် (သို့) ကြက်သွန်မြိတ်

ချက်ပြုတ်ပုံ
ကြက်ဥခေါက်ဆွဲကို ပြုတ်ထားပါ။ ခေါက်ဆွဲကျက်ရင် ရေဆေးနဲ့ဆေးပြီး ဇကာကုံးနဲ့စစ်ထားပါ။ ပဲပင်ပေါက်ကို ရေနွေးဖျောထားပါ။
ကြက်သားကို အတုံးသေးလေးများလှီးထားပါ။ ဆား၊ အချိုမုန့် အနည်းငယ်ထည့်နယ်ပါ။
ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုလဲ တောက်တောက်စင်းထားပါ။
ချက်မယ့်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပါ။ ဆီကျက်လာရင် တောက်တောက်စင်းထားသော ကြက်သွန်ဖြူ ၊ ကြက်သွန်နီကို အနည်းငယ် ဆီသတ်ပါ။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီများ ပျော့အိသွားလျှင် နယ်ထားသော ကြက်သားကို ထည့်ပါ။ ကြက်သားကျက်အောင်ထိ ဟိုမွှေ ဒီမွှေလုပ်ပေးပါ။ ကြက်သားကျက်ရင် ငရုတ်သီးမုန့် အနီ၊ ဆနွင်း၊ တိုပန်ကျန်၊ ဆား၊ အချိုမုန့်၊ ရေ အနည်းငယ်ထည့်ပါ။ ဆီပြန်အောင်ချက်ပါ။ ကြက်သား ဆီပြန်လာလျှင် စတင်စားသုံးနိုင်ပါပြီ။

ခေါက်ဆွဲသုပ်ပြင်ဆင်ပုံ
စားမယ့်ပန်းကန်ထဲသို့ ပြုတ်ထားသော ကြက်ဥခေါက်ဆွဲထည့်၊ ရေနွေးဖျောထားသော ပဲပင်ပေါက်အနည်းငယ်ထည့်၊ ချက်ထားသော ကြက်သားထည့်(မိမိစိတ်တိုင်းကျ ကြိုက်သလောက်ထည့် :D)၊ ပဲကျက်မုန့် အနည်းငယ်ထည့်၊ နံနံပင်(သို့)ကြက်သွန်မြိတ်ထည့်၊ ကြက်သွန်နီကိုပါးပါးလှီး သံပရာသီးညစ်ပြီး ထည့်စားလဲကောင်းပါတယ်။ အသင့်စားသုံးနိုင်သော ကြက်ဥခေါက်ဆွဲသုပ်ပါ။
( ဆား (သို့) ငံပြာရည်၊ အချိုမုန့်ကို လိုအပ်မှ ထည့်စားပါ။ ကြက်သားချက်ထဲ ဆား၊ အချိုမုန့် ပါပြီးသားဆိုတော့ ဆားငံသွားမှာစိုးလို့ပါ။)

Friday, February 6, 2009

ရှူးရှူးရှဲရှဲ ယိုးဒယား ပဲကြာဇံသုပ်



အချဉ်အစပ်အရမ်းကြိုက်တဲ့သူများ ကို ပဲကြာဇံသုပ်လုပ်စားနည်း အလွယ်လေးပြောပြပါမည်။ ရေးနေရင်းတောင် သားရည်ကျချင်လာပြီလေ။ :D ဒီလိုပဲကြာဇံချဉ်ချဉ်စပ်စပ်အသုပ်ကို အလွယ်တကူ သုပ်စားလို့ရပါတယ်။
လိုအပ်သောစာရင်း
၁။ ပဲကြာဇံ
၂။ ဥနီ
၃။ ကြက်သွန်နီ
၎။ ဂေါ်ဖီထုပ်
၅။ ခရမ်းချဉ်သီး
၆။ ပုဇွန်/ပြည်ကြီးငါး/ကင်းမွန်
၇။ သံပရာသီး (သို့) ရှာလကာရည် (သို့) ဗနီဂါ
၈။ မြန်မာနံနံပင်
၉။ ငရုတ်သီးစိမ်း

ပြုလုပ်နည်း
ပဲကြာဇံကို ၅ မိနစ်လောက် ပြုတ်ပါ။ ပဲကြာဇံကျက်ရင် စကာခုံးထဲထည့်ရေအေးနဲ့ဆေးပါ။
ပုဇွန်/ပြည်ကြီးငါး/ကင်းမွန် ကိုလည်း ၅ မိနစ်လောက်ပြုတ်ပါ။
ဥနီကို ခြစ်ထားပါ။ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ နံနံ၊ ငရုတ်သီး တို့ကို ပါးပါးလှီးပါ။
သုပ်မယ့် ပန်းကန်ထဲသို့ ပြုတ်ထားသော ပဲကြာဇံ၊ ပုဇွန်၊ ပြည်ကြီးငါး/ကင်းမွန်၊ ခြစ်ထားသော ဥနီ၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ နံနံ၊ ငရုတ်သီး ထည့်ပြီး ဆား (သို့) ယိုးဒယား ငံပြာရည်၊ အချိုမုန့်၊ သံပရာသီး/ (သို့) ရှာလကာရည် (သို့) ဗနီဂါ တို့ကို ရောနယ်ပြီး စားသုံးနိုင်ပါပြီ။ အလွန်တရာမှ စားကောင်းလှသော ရှူးရှူးရှဲရှဲ ယိုးဒယား ပဲကြာဇံသုပ်ပါ။ ရေနွေးလေးနဲ့ဆို ရှယ်ပဲ ရှယ်ပဲ။ :D
(ကိုယ်လုပ်စားတဲ့ ပုံက ဓာတ်ပုံရိုက်တာ မကောင်းလို့ ဆိုင်မှာသွားစားတုံးက ရိုက်တဲ့ပုံပါ။)

Wednesday, February 4, 2009

အမေ့အိမ်နဲ့ မေမေ့အိမ်မှ ပို့လိုက်သော စားစရာများ

အစားအသောက် မီးလိုတောက်သော ဒီလင်မယားအတွက် စားစရာများ




ရီမွန်ပဲကြော်


မီးကုန် ယမ်းကုန် ပဲရေပွကြော် :D


တောင်ကြီးပဲကြော်


လက်ဖက်မျိုးစုံ


မုန့်ဟင်းခါးခြောက်ထုပ်


ငှက်ပျောအူခြောက်၊ ဆန်လှော်မုန့်၊ အကြော်မုန့်


ပုဇွန်ခြောက်


ငါးရံခြောက် နဲ့ အမဲခြောက်


ဆိတ်သားကျွတ်ကြော်


ဆိတ်သားခြောက်မျှင်


ဆီတိုပူး


ငါးပိထောင်း


ငရုတ်သီးကြော်ထောင်း နဲ့ ရွှေအပ်ငရုတ်သီးထောင့်ကြော်


ကချင်ပြည်နယ်မှ ငါးပေါက်သီးဆံ (နောက်အခွင့်အရေးကြုံမှ ငါးပေါက်သီးကိုဓာတ်ပုံရိုက်ပြီးတင်ပေးပါအုံးမည်။ အိမ်က ကိုယ်တော်တောင် အဲဒါဘာကြီးလဲတဲ့။ အဲဒါကို သူကလဲ မသိ။ တယောက်တည်း စားရချည်သေးရဲ့ :P)
လက်ဖက်နဲ့တွဲစား၊ ငရုတ်သီးနဲ့ထောင်းစား အလွန်ကောင်းအိ။ မြေပဲဆံထက်လဲ ပိုပြီးအဆီများတယ်။


ကချင်ပြည်နယ်မှ မက်လင်ခြောက်(မုန့်ညင်းချဉ်ရည်ဟင်း ချက်စားရင် ထည့်စားလို့ကောင်းပါတယ်)


ပါပလာခြောက်

နားနားပြီး စားပါမယ်။ ဗိုက်ရိုက်ပြီး စားပါမယ်။