Sunday, November 21, 2010

မယ်ဇလီဖူးသုပ်


ပျော်ပွဲစား စားချင်လို့ပါရှင့်၊ ပျော်ပွဲစား စားချင်လို့ပါခင်ဗျ။ မန္တလေးမှာနေတုန်းက တန်ဆောင်တိုင် လပြည့်နေ့ဆို ပျော်ပွဲစား စားချင်လို့ပါရှင့်၊ ပျော်ပွဲစား စားချင်လို့ပါ ခင်ဗျ ကလေးတွေ ပိုက်ဆံ လာတောင်းကြတယ်။ လူလတ်ပိုင်းတွေလဲ အုပ်စုလိုက် စုပြီး အိုးစည် ဒိုးပတ်တွေ၊ အရုပ်တွေ လာကပြီး ပိုက်ဆံတောင်းကြတယ်။ ညနေပိုင်းတော့ ရတဲ့ ပိုက်ဆံနဲ့ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ဆန်ပြုတ် အဲဒါတွေ ပြန်လုပ်ပြီး စတုဒီသာ ပြန်ကျွေးကြတယ်။ တစ်ချို့တတ်နိုင်တဲ့အိမ်များတော့လဲ ကြာဇံကြော်၊ မုန့်ဟင်းခါး၊ ထမင်း အဲဒါတွေ ကျွေးကြတယ်။ ပျော်စရာကြီး။ ဒီနေ့ တန်ဆောင်တိုင် လပြည့်နေ့မို့ ဆေးပေါင်းခအောင် မယ်ဇလီဖူးသုပ် လုပ်စားလိုက်ပါတယ်နော်။ ဇော်ဝင်းထွဋ် သီချင်းလို ဆေးပေါင်းခတဲ့ညပေါ့ကွယ် ........... ဆေးပေါင်းခတဲ့ည ............. ဆေးပေါင်းခတဲ့ည ............. ဆေးပေါင်းခတဲ့ည သီချင်းလေး နားထောင်ပြီး ဒီနေ့တော့ မယ်ဇလီဖူးသုပ်ကို အားမနာတမ်း သုံးဆောင်သွားပါအုံးလား။



ချို ဆိမ့် ခါး သက် မယ်ဇလီဖူးသုပ်နဲ့ ရေနွေးကြမ်းနဲ့ အားမနားတမ်း သုံးဆောင်သွာပါ။ (ဒီနေ့ မယ်ဇလီဖူးသုပ်လဲ စားပြီးရော မျက်လုံးတွေလဲလေးနေပြီ။ ခေါင်းပြားနေအောင်အိပ်တော့မည်။ ဟီးဟီး)


စားချင်စဖွယ်ဖြစ်အောင် အနီးကပ် မယ်ဇလီဖူးသုပ်



မယ်ဇလီဖူး (ပင်နီဆိုလာကနေ ၃ ထုပ် ၀ယ်လာပါတယ်နော်)

လိုအပ်သောအရာ

မယ်ဇလီဖူး
မြေပဲဆံထောင်း (သို့) နှမ်းထောင်း
ပုဇွန်ခြောက်ထောင်း
ကြက်သွန်နီ ၂ လုံး


မယ်ဇလီဖူး သုပ်ပုံ

ဝယ်လဲတဲ့ မယ်ဇလီဖူးကို နောက်ထပ် ထပ်ပြီး ပြုတ်လိုက်ပါသေးတယ်။ ပထမ တစ်ရည်၊ ဒုတိယ တစ်ရည်၊ တတိယ တစ်ရည်၊ သုံးရည် ပြုတ်လိုက် သွန်လိုက် လုပ်လိုက်ပါတယ်။ အခါးဓာတ်ထွက်သွားအောင်ပါ။ပြီး လက်လှည့်ကျိတ်စက်လေးနဲ့ ကျိတ်လိုက်ပါတယ်။ ငရုတ်ဆုံနဲ့ ထောင်းလဲ ရပါတယ်။ ပြီး ကြက်သွန်နီကို ပါးပါးလှီးပြီး ဆနွင်းလေး နည်းနည်းထည့်ပြီး ကြက်သွန်နီ ဆီချက်လုပ်လိုက်ပါတယ်။ ပြီး သုပ်မယ့်ပန်းကန်ထဲသို့ထောင်းထားတဲ့ (သို့) ကျိတ်ထားတဲ့ မယ်ဇလီဖူးထည့်၊ မြေပဲဆံထောင်းထည့်၊ ပုဇွန်ခြောက်ထောင်းထည့်၊ ငံပြာရည်ထည့်၊ အချိုမှုန့် နည်းနည်းထည့်၊ ကြက်သွန်နီ ဆီကျက်ထည့်ပြီး နယ်လိုက်ပါတယ်နော်။ ဒါဆိုရင်တော့ ချိုဆိမ့်ခါးသက် မယ်ဇလီဖူးသုပ် ရပါပြီနော်။



ကျန်းမာ ချမ်းသာကြပါစေ။

10 comments:

khin oo may said...

ကောင်းထှာ

Baby taster said...

ကယ် ကိုယ်လည်း ဆေးပေါင်းခ ပါရစေ
:)

Shinlay said...

အဝေးကပဲမှန်းပြီးစားသွားပါတယ်။

...အလင်းစက်များ said...

ဒီနေ့ ည ဆေးပေါင်းခတဲ့ညပဲလေ... thanks alot

rose said...

အစ်မရေ...မယ်ဇလီဖူးသုပ်လေး မြည်းကြည့်ချင်လိုက်တာ။ တခါမှ မစားဖူးဘူး။ အိမ်မှာ အရင်ကဆို အဖွားက စားနေကျ။ ဒါမယ့် ခါးတယ်ဆိုလို့ တခါမှ မြည်းမကြည့်တာ။

ငွေစန္ဒာ said...

မယ်ဇလီဖူးသုပ်လေး လာစားသွားပါတယ်

ဧပရယ်လ်ပူး@ပူးတေ said...

လာစားသွားပါတယ်နော်... :)

Unknown said...

စားချင်လိုက်တာ ..အိမ်မှာဆိုမေက တန်ဆောင်မုန်းလပြည့်ညတိုင်းသုပ်ကျွေးနေကျ
မေ့ကိုလဲလွမ်းတယ် အဲ့လိုညမျိုးကိုလဲ လွမ်းတယ်။ ခုလိုတင်ပေးတာ ကျေးဇူးပါပဲ အလွမ်းပြေပြောရမလား ပိုလွမ်းစေတယ်ပြောရမလားပဲ
စားကောင်းမဲ့ပုံလေးနော်

neking said...

ဘယ်အချိန်ဖတ်ဖတ်သွားရည်ကျရပါတယ်
မယ်ဇလီဖူးသုပ်စားချင်တယ်...ကြိုက်တယ်

ဏီ(န်)ကင်း
http://neking.wordpress.com

PhyoPhyo said...

စားချင်လိုက်တာ၊ မယ်ဇလီဖူးသုပ်လို့ ရှာလိုက်တာ ဒီပိုစ့်လေးပထမဆုံးတက်လာတယ်။ အဲဒါနဲ့ ပုံလေးပဲကြည့်ပြီး စားလိုက်တော့တယ်။ ကျေးဇူးအများကြီးနော်။
God bless you all