Sunday, November 7, 2010

လမ်းသရဲမုန့်

တနင်္ဂနွေနေ့ ညနေစောင်းပါလို့ ဘာလိုလို ညာလိုလို သောက်နေကြဆိုင်သို့ သွားဆို့ကွယ် လှမ်းဆို့ကွယ်။ အဲ .......... ဟုတ်ပါဘူး။ ဒါက ကိုယ်တော်ကြီး ဆိုတဲ့သီချင်းပါလေ။ တနင်္ဂနွေ ညနေလဲစောင်းလာပြီ။ လူလဲ ငူတူတူနဲ့ ပျင်းသလိုလို၊ ဖျားချင်သလိုလို၊ ဘာလုပ်ရမလိုလို၊ ညာလုပ်ရမလိုလိုနဲ့ လိုလိုတွေများနေပြီ။ ဒီအပတ် ၃ ရက်ရုံးပိတ်ကလဲ ခဏလေးလိုပါ့။ ဒါနဲ့ တနင်္ဂနွေညနေကို ငူတူတူ ဖြစ်နေမယ့်အစား တစ်ခုခုလုပ်စားလိုက်ပါလား ကိုယ့်ကိုယ်ကိုယ်ပြောလိုက်တယ် (စိတ်ထဲပါ)။ ကိုယ့်စိတ်ကို ပျော်အောင်ထားရမယ်။ ဒါနဲ့ စိတ်အလိုကို လိုက်ခါ လမ်းသရဲလုပ်စားလိုက်တယ်။ လမ်းသရဲ ပူပူစပ်စပ်လေးနဲ့ ရေနွေးကြမ်းလေးနဲ့လည်း စားပြီးရော နည်းနည်းတော့ စိတ်ထဲကျေနပ်သွားတယ်။ လမ်းသရဲကို ရန်ကုန်ရောက်မှ စားဖူးတာ။ မန္တလေးမှာတုံးကတော့ မုန့်ရေပါးဆိုပြီး ခရမ်းချဉ်သီးနဲ့ ချဉ်စပ်စားဖူးတယ်။ ဂေါ်ဖီတော့ မပါဘူးထင်တယ်။ ရန်ကုန်မှာတော့ လမ်းသရဲလို့လဲခေါ်တယ်။ ရေမုန့်လို့လဲခေါ်တယ်။ လမ်းသရဲလုပ်နည်းကို ဒီမှာလဲ တင်ထားဖူးပါတယ်။ လုပ်နည်းတော့ အဲဒီကနေ ထပ်ကူးလိုက်တယ်။ ဒီနေ့တော့ အားမနာတမ်း လမ်းသရဲမုန့်လေး သုံးဆောင်သွားပါအုံးလား။


ရေနွေးကြမ်းနဲ့ ချဉ်စပ် တစ်ခု ၊ ရိုးရိုးတစ်ခု


ဒါကတော့ ရှယ်လမ်းသရဲ (ကြက်ဥနဲ့)
ဒါကတော့ ရိုးရိုး လမ်းသရဲ


ဒါကတော့ ရှယ် မုန့်ရေပါး (ကြက်ဥနဲ့)


ဒါကတော့ ရိုးရိုး မုန့်ရေပါး

စတော်ပဲပြုတ် (ပင်နီဆိုလာက ၀ယ်ခဲ့တယ်)


အဆင်သင့် ပါးပါးလှီးထားပြီးသော (ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ နံနံပင်)



ဆန်စိမ်းမုန့် ဖျော်ထားတဲဟာရယ်၊ ပဲပြုတ်ရယ်၊ ထည့်မယ် အဆာပလာတွေရယ်၊ ကုလားလေးမဆလာရယ်
လိုအပ်သောအရာများ

ဆန်စိမ်းမုန့်
ကြက်ဥ (သို့) ဘဲဥ
မြန်မာနံနံ
ခရမ်းချဉ်သီးအမှည့်
ငရုတ်သီးစိမ်း
စတော်ပဲပြုတ်
ဂေါ်ဖီထုပ်
ပဲပင်ပေါက်
ကုလားလေး မဆလာ

ပြုလုပ်နည်း
ဆန်စိမ်းမုန့်တစ်ဆ ရေနှစ်ဆထည့်ပါ။ ဆား၊ အချိုမှုန့် နည်းနည်းထည့်ပါ။ စားတဲ့ ဆော်တာ နည်းနည်းလေး ပါလေရုံထည့် ပါ။ ပြီးရင်စိမ်းမုန့်ပျော်ပျော်လေဖြစ်အောင်မွှေပါ။ ပဲပင်ပေါက်၊ (ဒီနေ့တော့ ပဲပင်ပေါက်မရှိလို့ မထည့်လိုက်ဘူးနော်။) ပါးပါးလှီးထားသော ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ မြန်မာနံနံ နှင့် ငရုတ်သီးစိမ်းတို့ကို ဆား၊ ကုလားလေး မဆလာ၊ အချိုမှုန့်ဖြင့်ရောနယ်ပါ။ မုန့်ရေပါးလုပ်ရန် အသင့်ဖြစ်နေပါပြီ။ အကြော်အိုးထဲ ဆီထည့်တည်ပါ။ ဆီကိုပါလေ
ရုံပဲထည့်ပါ။ ဆီကျက်ရင် ဖျော်ထားသော ဆန်မုန့်ကိုဇွန်းကြီးကြီး တစ်ဇွန်းနဲ့ခပ်ပါ။ အကြော်အိုးထဲသို့ ဝှေ့ချလိုက်ပါ။ ဒါမှလဲ ခပ်ပြားပြားဖြစ်မှာလေ။ ပြီးရင် နယ်ထားတဲ့ အဆာပလာထည့်၊ စတော်ပဲပြုတ်ထည့်၊ ကြက်ဥကြိုက်တတ်ရင် ကြက်ဥဖောက်ထည့်၊ ပြီးရင်တော့ အကြော်အိုးအဖုံးကိုဖုံးပါ။ ခဏနေ တစ်မိနစ်၊ နှစ်မိဆိုရင် ဆီကို ခပ်နည်းနည်းလေးဖြန်းပေးပါ။ မဟုတ်လဲ ဆီနည်းနည်းပဲ အိုးထဲသို့ ပွတ်ပေးပါ။ ဆီလဲ တအားမများစေနဲ့နော်။ များလွန်းလဲ စားရတာအီတယ်။ နည်းလွန်းပြန်ရင်လဲ အိုးကပ်မှာပူရသေးတယ်။ သုံးမိနစ်လောက်ဆိုရင်တော့ ကုလားလေး မဆလာနံ့နဲ့ နံနံပင်အနံ့လေးလဲမွှေးလာပါပြီ။ လမ်းသရဲမုန့် ရပါပြီနော်။



ကျန်းမာ ချမ်းသာကြပါစေ။

11 comments:

Baby taster said...

သြော် ဒါကို လမ်းသရဲမုန့် လို့ခေါ်တာလား
ကိုရီးယားနဲ့ ဗီယက်နမ် pan cake နဲ့တူတယ်နော်
မြန်မာမှာ နေတုန်းက အိန္ဒိယန်း သူငယ်ချင်းတွေ
အိမ်မှာ ခဏခဏ စားဘူးတယ် ။သူတို့က ဂျူံနဲ့လည်း
လုပ်စားကြတယ် လို့ပြောတယ်

Sunny said...

အစ်မ.. လမ်းသရဲမုန့်နဲ့ မုန့်ရေပါး အတူတူပဲလား.. မုန့်ရေပါးပဲ စားဖူးလို့..

Shinlay said...

ရန်ကုန်မှာ ၀ယ်စားဖြစ်ပါတယ်။ မုန့် နာမည်တော့အခုမှပဲသိရပါတယ်။ လုပ်စားကြည့်ပါအုံးမယ်။

Evy said...

စားချင်စရာလေး။ ဒီတစ်ပတ်ရုံးပိတ်ရက်လုပ်စားမယ်

ဧပရယ်လ်ပူး@ပူးတေ said...

အမရေ ဘယ်လိုဒယ်အိုးမျိုးသုံးလဲလို့ သိပါရစေရှင်... ပုံရိုက်တင်ပေးလို့ရရင်တင်ပေးပါလား... ပြီးတော့ မီးအနေအထား အပြင်း အပျော့ လေးလဲ သိပါရစေ.. နောက် ဒယ်အိုးကို ဆီသုတ်ရသေးလားမသိဘူး... လုပ်စားကြည့်ချင်လို့

ကျေးဇူးနော်

မိုးကောင်းသူ said...

baby taster ရေ
ရန်ကုန်အခေါ်တော့ လမ်းသရဲလို့ခေါ်ပါတယ်။ မန္တလေးမှာတော့ မုန့်ရေပါးလို့လဲခေါ်တယ်။ ဂျုံနဲ့လုပ်တာတော့ စားဖူးဘူး။

Sunny ရေ
လမ်းသရဲမုန့် နဲ့ မုန့်ရေပါးနဲ့အတူတူပဲထင်တယ်။ မန္တလေး မုန့်ရေပါးတော့ ပဲပင်ပေါက်ပါဘူးနဲ့တူတယ်။ ရန်ကုန် လမ်းသရဲတော့ ပဲပင်ပေါက်ကော၊ ဂေါ်ဖီထုပ်ကော ပါတယ်။ အရသာတွေကတော့ သိပ်မကွာပါဘူး။

ှမမ Shinlay
တစ်ချို့က ချွေတာရေးမုန့်လို့လဲခေါ်သေးတယ်။

Evy ရေ
ညီမ လုပ်တဲ့ မုန့်တွေလောက် ခက်ပါဘူး။

ဧပရယ်လ်ပူးရေ
အိမ်မှာဟင်းကြော်တဲ့ ရိုးရိုး အကြော်အိုး(မကပ်တဲ့) နဲ့လုပ်တာပါ။ ဒီလင့်မှာ အိုးနဲ့တကွ ပုံတင်ဖူးပါတယ်နော်။
http://mogaungthu.blogspot.com/2008/10/blog-post.html
မီးကတော့ တအားကြီးပြင်းစရာ မလိုပါဘူး။ ပုံမှန်ဖြည်းဖြည်းလေးနဲ့ ကျွတ်ကျွတ်လေးဖြစ်အောင်လုပ်လိုက်ပါတယ်။
မုန့်ရည်မထည့်ခင် အိုးကို (စုတ်တံသေးသေးနဲ့ ဆီစွတ်ပြီး) ပွတ်လိုက်ပါတယ်။ ပြီး မုန့်ရည်ထည့်၊ အဆာပလာထည့်ပြီး အဖုံးအုပ်လိုက်ပါတယ်နော်။

Shinlay said...

လုပ်စားဖြစ်ပါတယ်။ ကျေးဇူးပါ။

ဧပရယ်လ်ပူး@ပူးတေ said...

မမရေ

ပြန်ဖြေပေးတာကျေးဇူးပါနော်... စမ်းလုပ်ကြည့်ဦးမယ်... :)

chocothazin said...

ဒီဘလော့ကို ရောက်ပေမယ့် ကော်မန့် မရေးဖြစ်ဘူးရယ်။
မနက်ဖြန် ဘာဟင်းစားရပါ့လို့ စဉ်းစားမိတိုင်း ဒီဘလော့ကိုလာကြည့်ပြီး ဟင်းအတွဲလေးတွေမှတ်သွား၊ လိုတာလေးတွေ စာရင်းလုပ်ပြီး ဈေးသွားဝယ်..နဲ့ အဆင်ပြေနေတာ။
ကျေးဇူးတင်ပါတယ်လို့  ခုမှပဲပြောဖြစ်တော့တယ်။
ဒါနဲ့  ဆန်စိမ်းမှုန့် ဘာတံဆိပ်သုံးလဲ သိချင်ပါတယ်။
Sheng Siong ကဈေးဝယ်လို့ ကောင်းတယ်နော်။

မိုးကောင်းသူ said...

chocothazin

လာလည်လို့လဲ ကျေးဇူးပါ။ ဆန်စိမ်းမှုန့်ကို မွှေးတံဆိပ် နဲ့ ယိုးဒယား တံဆိပ် နှစ်ခု စလုံး သုံးလို့ ရပါတယ်နော်။
Sheng Siong ကဈေးဝယ်လို့ အရမ်းကောင်းတယ်။

grace said...

အမ ခုလေးတင်ညီမ ဂျုံနဲ. လုပ်စားတယ်။အမပြောတဲ. ကျူဆိုင်ရွက်လေးထ ည်.စားတာ။မုန်.နှစ်ထဲကို ကြက်ဥဖောက်ထည်. ကျူဆိုင်ထည်. ပြီးတော.ပဲပြုတ်ထည်. ဒါဘဲ။ကောင်းသလားမမေးနဲ.။မဆလာ တွေဘာတွေတောင် မလိုပါ။ဗဲ၇ီးဂွဒ် ဘဲမမရေ.....