Sunday, October 4, 2009

ယနေ့ဟင်း

ခုတစ်လော ဟင်းအသစ်မတင်ဖြစ်ဘူး ဖြစ်နေတယ်။ ဟင်းအသစ် နေ့တိုင်းတင်တော့လဲ သူ ၊ မတင်ပြန်တော့လဲ သူလို့ ပြောကြတော့မယ်နော်။ မိုးကောင်းသူလေး အရှုပ်လုပ်မိလို့ လိတ်ပတ်မလည်သေးဘူးဖြစ်နေလို့ပါ။ ဘလော့တွေလဲ မလည်မိဘူး။ အချိန်လေးအားတာနဲ့ အိပ်မယ် ကြီးပဲဖြစ်နေတယ်။အစားအသောက် မီးလိုတောက်သော မိုးကောင်းသူလေးမှာ ခုတော့ အစားထက် အအိပ်ကြီးပဲ မက်နေမိတယ်။ လာလည်သူတွေလဲ အသစ်မရှိဘဲ ပြန်ပြန်သွားရတယ်။ ခုလဲ အိပ်ချင်နေမိတယ်။ ဟင်းအသစ်လေး တစ်ခုတော့ ပြီးမှ အိပ်တော့မယ်။ တော်ပါပြီ အိပ်ချင်တဲ့အကြောင်းကြီးပဲ မပြောတော့ဘူး ချက်တဲ့ဟင်းလေး အကြောင်းပြောအုံးမှ။ ယနေ့ဟင်းလျှာတွေကတော့ ကြက်ဥချက်၊ ပဲပုပ်ထောင်း၊ အရွက်ချွဲချွဲ ဟင်းချိုဟင်းတို့ဖြစ်ပါတယ်။ ကြိုက်တဲ့ဟင်းလေး သုံးဆောင်သွားပါအုံးလား။




အားနာနဲ့နော်။ ဖြည်းဖြည်းချင်း သုံးဆောင်သွားပါအုံးလား။


ရွှေခေါင်းပြောင်ချက် (ခေါ်) ကြက်ဥချက်ပါရှင်။


ပဲပုပ်ထောင်း


ကြက်ဥချက် အတွက် လိုအပ်သောအရာ

ကြက်ဥ ၆ လုံး
ကြက်သွန်နီ ၂ လုံး
ကြက်သွန်ဖြူ ၃ တက်
ခရမ်းချဉ်သီး ၂ လုံး
ငရုတ်သီးစိမ်း
နံနံပင်


ကြက်ဥ ချက်နည်း

ကြက်ဥ ၂၀ မိနစ်လောက် ပြုတ်ပြီး အခွံခွာထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို အခွံခွာပြီးထောင်းထားပါ။ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။ ချက်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့်ပါ။ ဆီကျက်လာရင် ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူကို အရောင်နီလာအောင် ဆီသတ်ပါ။ အရောင်တင်မှုန့်အနီ၊ ဆနွင်းနည်းနည်းထည့်ပါ။ ပြီးရင် ခရမ်းချဉ်သီးထည့်ပါ။ ငံပြာရည် နည်းနည်း ၊ အချိုမှုန့်နည်းနည်း ထည့်ပေးပါ။ ဆီပြန်လာအောင်ချက်ပေးပါ။ ဆီပြန်လာရင် ပြုတ်ထားတဲ့ ကြက်ဥကိုထည့်ပါ။ ၅ မိနစ်လောက် ကြာရင် မီးဖိုပေါ်က ချနိုင်ပါပြီ။ မီးဖိုပေါ်က မချခင် နံနံပင် နဲ့ ငရုတ်သီးစိမ်းတောင့်လေး ထည့်လိုက်ပါတယ်။ ကြက်ဥချက် ရပါပြီရှင်။

---------------

ပဲပုပ်ထောင်းနည်း

ပဲပုပ် ၅ ပြားကို မီးကင်လိုက်ပါ။ ကင်စရာ မီးသွေးမီး မရှိတော့ မီးမကင်ဘဲ ဆီနည်းနည်းထည့်ပြီး ကျွတ်နေအောင် ကြော်လိုက်ပါတယ်။ ပြီးရင် ကြက်သွန်ဖြူ ၃ တက်၊ ဂျင်း လက်တစ်ဆစ်၊ ငရုတ်သီးစိမ်း ၅ တောင့်၊ ဆား၊ အချိုမှုန့်ထည့်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်းလိုက်ပါတယ်ရှင်။ ငရုတ်ဆုံ မရှိလဲ စိတ်မပူနဲ့နော်။ blander ထဲ ထည့်ကျိတ်လိုက်ပါ။ ပဲပုပ်ထောင်း မွှေးမွှေးလေး ရပါပြီရှင်။

---------------

အရွက် ချွဲချွဲ ဟင်းချိုရည်


အရွက်က ချွဲချွဲမို့လို့ အရွက်ချွဲချွဲလို့ ခေါ်လိုက်ပါတယ်။ ဟင်းချိုချက်မယ့် အိုးထဲသို့ မိမိလိုသလောက် ရေထည့်လိုက်ပါတယ်။ ပြီးရင် ကြက်သွန်နီ ၁ လုံးကို လေးခြမ်းစိတ်ပြီး ထည့်လိုက်တယ်။ ကြက်သွန်ဖြူ ၁ တက်ကို ထောင်းထည့်လိုက်တယ်။ ပုဇွန်ခြောက်နည်းနည်း ထောင်းထည့်လိုက်တယ်။ ဆား နဲ့ အချိုမှုန့် နည်းနည်းထည့်လိုက်တယ်။ ဟင်းချိုအိုး ဆူလာအောင် တည်ထားလိုက်ပါတယ်။ ဟင်းချိုအိုး ဆူလာရင်တော့ အရွက်ချွဲချွဲကို ထည့်လိုက်ပါတယ်။ ၃ မိနစ်လောက်ဆို ရပါပြီရှင်။

8 comments:

Nge Naing said...

ဟင်းတွေက ကောင်းပါတယ်။ ဒါပေမယ့် အချိုမှုန့်သုံးမည့်အစား အချိုမှုန့်လိုပဲ ချိုပြီး အန္တရယ်ကင်းတဲ့ မှို၊ ဟင်းသီးဟင်းဟင်းရွက်နဲ့ တခြားအသားငါးတွေကို အမှုန့်ပြန်လုပ်ထားတာတွေ သုံးသင့်တယ်။

စိမ်း... said...

ပဲပုပ်ထောင်းနည်း မှတ်သွားပြီ အစ်မရေ ကျေးဇူး... :)

ကျော်နှင်းဆီလွင် said...

မမိုးရေ
:O
မစားရတာကြာလို့အများကြီးလာစားသွားတယ်
ပဲပုပ်ထောင်းအရမ်းကြိုက်...
:D

Yu Ya said...

မမိုးရေ.. ဟင်းတွေ အများကြီး လာစားသွားပါတယ်ခင်ဗျ..။

ချက်နည်းပြုတ်နည်းလည်း မှတ်သွားပါတယ်။

yu ya

Vista said...

အရွက်ချွှဲ ကဘာအရွက်လဲ ဟိ
ှဗိုက်ဆာလာဘီ

ကိုလူထွေး said...

ကိကီဆီမှာ ဘဲဥအကြောင်းဖတ်လာပြီး မိုးကောင်းသူဆီမှာ အဲဒီ ရွှေခေါင်းပြောင်တွေကို အငြိုးနဲ့ အားရပါးရ တွယ်သွားပါတယ်...

းဝ)

(ချက်ထားတဲ့ဟင်းထဲမှာ အရိုးရဲ့ 'ဥ' ရော ပါသလားးP)

kiki said...

ဘဲဥ က ဟင်း လိုချက်စားရင်တော့ ကောင်းသားနော်..
အချဉ်နှစ်လေး နဲ့ ..စားချင်စဖွယ် ပါဘဲ ..
ပဲပုပ်ထောင်း လဲ ကြိုက်ပ ..
ခုတော့...ခုတော့ ..ဟင့်.. ငတ်နေတာ ကြာပြီ..

စကားမစပ် .. ကိုလူထွေး သိချင်တဲ့ ဥထဲမှာ အရိုး ပါတယ် ဆိုတာ .. ဘာဥကြီးပါလိမ့်နော် .ဟိဟိ.. အရိုးရဲ့ ဥ .. ကလူထွင်းကြီး အတော်ကြိုက် ပုံရတယ် ..
သူ့အတွက် အရိုးနဲ့ ဥ အတူရောပြီး စပါယ်ရှယ် ချက်ပေးလိုက်နော် ..
ကျေးဇူး မမိုး..

Shinlay said...

အရွက်ချွဲချွဲ အရွက်ကဘာလဲဟင်။။။။
အရွက်ချွဲချွဲ ဟင်းချိုဟင်း ဆိုတော့စားချင်လာလို့ ပါ။