Thursday, July 16, 2009

အမဲအရွတ် စပ်စပ်ချက်

ဒီနေ့တော့ တမျိုးတဖုံဖြစ်အောင်ချက်လိုက်ပါတယ်နော်။ အမဲသားကို အသားကြီးပဲစားရတာလဲ ပျင်းလာပြီတဲ့။ သူတုံးရှိမတုံးနော်။ အမဲအရွတ်ကို စပ်စပ်ချက်လေးစားချင်တယ်တဲ့။ ပိုတောင် ဈေးသက်သာသေးတယ်လို့။ နေ့တိုင်းချက်ကျွေးမယ်လို့။ ဟီးဟီး။ ဒါနဲ့ ဈေးသွားပြီး အမဲသားကို မျိုးစုံဝယ်ခဲ့တယ်။ အမဲကို အသားကြီးပဲ တတ်တတ်ရယ်၊ အရွတ်ရယ်၊ အဆုတ်ရယ် (တစ်ခါမှ မစားဖူး၊ မချက်ဖူးပါ။ နောက်နေ့လိုက်တင်မယ်နော်)။ ဒါတောင် အသဲ မတွေ့ခဲ့လို့ မ၀ယ်ခဲ့ရဘူး။ ပိုဆိုးကြမ်းလို့ခေါ်လားမသိ အဲဒါတော့ တွေ့ခဲ့တယ်။ မလုပ်တတ်တော့ မ၀ယ်ခဲ့ဘူး။ ဒီနေ့တော့ အမဲအရွတ် စပ်စပ်ချက်လေးနဲ့ သုံးဆောင်သွားပါအုံးနော်။


အမဲအရွတ် စပ်စပ်ချက်လေး သုံးဆောင်သွားပါအုံးလား။



ပုံစံတမျိုး ရိုက်ထားတယ်။ စားချင်အောင်လို့။ :D



အမဲအရွတ် စပ်စပ်ချက်နဲ့ တွဲစားတဲ့ ဟင်းတွေကတော့ ပဲဝါလေး ဟင်းရည် (ကြာဇံလေးပါခတ်လိုက်တယ်)၊ ပဲတီချဉ် နဲ့ ဆလတ်ရွက် အတို့ ပါပဲ။

လိုအပ်သောအရာ

အမဲအရွတ်
ခရမ်းချဉ်သီး ၂ လုံး
ကြက်သွန်နီ ၂ လုံး
ကြက်သွန်ဖြူ ၅ တက်
ငရုတ်သီးစိမ်း
ငါးပိစိမ်း
နံနံပင်


ချက်နည်း

အမဲအရွတ်ကို ရေသေချာဆေးပါ။ ကျွန်မတော့ ထုံးစံအတိုင်း မန်ကျည်းမှည့်နဲပါ ဆေးလိုက်ပါတယ်။ အမဲအရွတ်ကို ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့်နဲ့ နယ်လိုက်ပါတယ်။ ကြက်သွန်ဖြူ နီကို ထောင်းထားပါ။ မဟုတ်လဲ တောက်တောက်စင်းထားပါ။ ခရမ်းချဉ်သီး ရေဆေးပြီး ပါးပါးလှီးထားပါ။ ချက်မယ့်အိုးထဲသို့ဆီထည့်ပါ။ ဆီကျက်လာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ နီထည့်ပြီး အရင် အိလာအောင်ကြော်လိုက်ပါ။ ပြီးရင် အရောင်တင်မှုန့် နဲ့ ဆနွင်းမှုန့် နည်းနည်းစီထည့်ပါ။ ပြီးရင် ပါးပါးလှီးထားသော ခရမ်းချဉ်သီးကိုထည့်ပါ။ ပြီးရင် ငါးပိစိမ်း၊ ဆား၊ အချိုမှုန့် နည်းနည်းထည့်ပါ။ ပြီးရင် အမဲအရွတ်ကိုထည့်ပါ။ ၅ မိနစ်လောက် လုံးပေးပါ။ ပြီးရင် ရေနွေးနည်းနည်းထည့် ပြီးနူးနေအောင်တည်ထားပါလေ။ ဆီပြန်လာခါနီး ငရုတ်သီးစိမ်းများထည့်၊ နံနံပင်ထည့်ပါ။ အနံ့များ မွှေးကြိုင်လာလိမ့်မယ်။ ပြီးရင် ဆားအပေါ့ အငန်လေး မြည်းကြည့်လိုက်ပါနော်။ တစ်ခါတစ်လေ အမဲအရွတ်ကလေးချက်စားကြည့်ပါလား။ စားကောင်းတယ်နော်။ ကျွန်မတောင် ကြိုက်သွားပြီ။ နောက်ခါလဲ အဲလို ချက်ချက်ကျွေးအုံးမယ်။ ဟင်းတစ်မျိုးတိုးပြီ။

14 comments:

Anonymous said...

ပဲဝါလေးဟင်းရည် ကြာဇံခတ် တအားကြိုက် သောက်သွားတယ် ပြီးနေ့လည်စာအတွက်ပါဆယ်ယူသွားတယ် အမဲသားတော့မစားဘူး မမရယ် :)

Vista said...

၁ မ ရ ဘူး .. အမဲသားမစားဖြစ်ဘူးမမ စားနေမကျလို. ပဲဟင်းတော.သောက်ချင်တယ်

မေဇင် said...

အဟဲ...အမဲသားမစားတဲ့ နောင့်..စားချင်စိတ်ပေါက်သွားတယ်..ပဲဟင်း ကတော့ ကြိုက်မှ ကြိုက်

စန္ဒကူး said...

အမဲသား အသားချည်းထက် အဲလိုမျိုးပိုကြိုက်တယ်
မချက်တတ်လို့ သာမစားရတာ.. အရမ်းစားချင်တာ.. ပဲတီချဉ်လဲကြိုက်တယ်..
ပြောရင်းနဲ့အသားစားချင်စိတ်ပြန်ပေါက်လာပီ..း)

subuueain said...

အမဲသားမစားဘူးမရဲ့ ။ အမဲကြောကောင်းတာတော့ပြောသံကြားဖူးတယ်။ အမဲပုဆိုးကြမ်းတော့မသိဘူး ဆိတ်ပုဆိုးကြမ်းကတော့ pressure cooker နဲ့ အရည်လေးနဲ့ပေါင်းပြီး ရှောက်ရွက်လေးခပ်သောက်ရင် ကောင်းတယ်။ ဟီး စားချင်လာပြီ

မြရွက်ဝေ said...

အမဲသားတော့ သူ့ကိုဘဲ ချက်ကျွေးဖြစ်တယ်။ အရွတ်တော့ ဒီမှာ မရောင်းဘူးလိုဘဲ။ ပဲဝါလေးကို သိပ်မသိဘူး၊ ပဲနီလေးဘဲသိတယ်၊ ဆနွင်းလေး ခတ်ပြီး ချက်လိုက်ရင် ဝါသွားရော။ :D

စူးနွယ်လေး said...

အဖေက အရွတ်ဆိုသိပ်ကြိုက်
အမဲသားရေပွကြော်တောင် မြင်ယောင်လာတယ်
ပုဆိုးကြမ်းလည်း အမေချက်တယ် စပါးလင်လေးနဲ့..ရှောက်ရွက်ခပ်သောက်တယ်

စူးနွယ်လေး said...

ပဲတီချဉ်ကြိုက်တယ်
ကြော်စားလည်း ကောင်းတယ်နော်
အိမ်ပြန်မှ စားဖို့ စားရင်းတို့ထားလိုက်ပြီ

မီးမီးချစ် said...

အမဲသား နဲ့  မတည့်ဖူး.. အသား မျက်စိ ယားလို့ ..
မတည့်လဲ စားတာပဲ.. ဘယ်လိုချက်ချက် ကြိုက်စ်..
ပဲတီချဉ် က မီးချစ် အကြိုက် အဝစားသွားပြီး))

မေသစ္စာမောင် said...

အမဲသားစားချင်နေတာ သူက အမဲသားဟင်းတွေ စားချင်စဖွယ် ချက်ပြနေပြန်ပြီနော် :P

နေ့လည်စာတော့ စားပြီးပြီ
ခုတော့ ပုံလေးတွေကြည့်ပြီး ဗိုက်တောင်ပြန်ဆာလာတယ်။
ညစာအတွက် ငေးသွားတယ် :D

မဆုမွန် said...

တိုက်တိုက်ဆိုင်ဆိုင်ပါကွယ်
ဒီနေ့ အမဲသားချက်စားမယ်ဆိုပြီး ၀ယ်လာတယ် မိုးကောင်းသူ နည်းအတိုင်း ချက်ပါမယ်။။။

Anonymous said...

မရေ.........
အမဲသားအရွက်စားဖူးဘူးနော်
ကောင်းလားဟင်မမ

ကျောပိုးအိတ် said...

မမရေ

သိဘူး။
ကြိုက်တယ်နော်။ စပ်စပ်လေး။ခံတွင်းကပျက်နေတာနဲ့ အတော်ဘဲ။
း)

ချစ်တဲ့
ပျောပိုးအိတ်

Unknown said...

အရွတ်တော့ မစားဘူးဖူး.... မန္တလေးမှာ နေတုန်းက အမဲသားဟင်းထဲကို အမဲကြောလေးတွေထည့်ပြီး မုန့်တီလုပ်ရောင်းတာကိုတော့ မက်မက်စက်စက် စားဖူးတယ်။