Tuesday, August 25, 2009

ငါးရံခြောက် စပ်စပ်ချက်

တစ်ချို့ရက်လဲ ဘာချက်စားလို့ ဘာချက်စားရမှန်းမသိဘူး။ ဒါတောင် အသားမျိုးစုံစားလို့ တော်သေးတယ် ပြောရမယ်။ ကြက်သားကလဲ မစားချင်။ ကြက်သားကလဲ ဗမာကြက်မဟုတ်တော့ စားရတာက ပေါ့တော့တော့နဲ့။ ဆီပြန်ချက်တွေ ချက်မစားဘဲနဲ့ အကြော်အလှော်တွေလုပ်စားအုံးမှ။ ဒါနဲ့ ငါးရံခြောက် တစ်ပြားကျန်သေးတာကို သတိရတယ်။ အိမ်ကပါးထားတာ။ နောက်ဆုံးလက်ကျန် ငါးရံခြောက်ကို ဒီတစ်ခါ ချက်စားလိုက်ပါတယ်။ ပြီးတဲ့ တစ်ခါတုံးက ကြော်ပြီး ထောင်းတာမာတာနဲ့ ဒီတစ်ခါ တစ်မျိုးချက်စားလိုက်ပါတယ်။ ဆီနည်းနည်း အရည်ကျဲကျဲလေးနဲ့ စပ်စပ်လေးချက်လိုက်တယ်။ ပြီးတော့ ချဉ်ပေါင်ရည်ကျဲဟင်းရည်နဲ့ တွဲစားလိုက်ပါတယ်နော်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။



ငါးရံခြောက် စပ်စပ်ချက်


ချဉ်ပေါင်ရည်ကျဲ ဟင်းရည် (ပုဇွန်ခြောက် ငပွလေးတွေကို ခပ်ထားပါတယ်။ မဆိုးဘူးသောက်လို့ကောင်းတယ်။)

ငါးရံခြောက်အတွက် လိုအပ်သောအရာ

ငါးရံခြောက်
ခရမ်းချဉ်သီး ၂ လုံး
ကြက်သွန်နီ ၂ လုံး
ကြက်သွန်ဖြူ ၅ တက်
ငရုတ်သီးစိမ်း ၅ တောင့်
ဗမာ နံနံ အနည်းငယ်


ငါးရံခြောက် စပ်စပ်ချက်နည်း

ငါးရံခြောက်ကို ရေစိမ်ထားပြီး အနေတော် အတုံးလေးတွေ တုံးပါ။ ကြက်သွန်ဖြူ နီကိုထောင်းထားပါ။ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။ ငရုတ်သီးစိမ်းကိုလည်း ပါးပါးလှီးထားပါ။ ချက်မယ့်အိုးတည်ပါ။ ဆီအနည်းငယ်ထည့်ပါ။ ဆီကျက်လာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူနီကို ဆီသတ်ပါ။ ကြက်သွန်ဖြူနီများ အရောင်နည်းနည်း နီလာရင် လှီးထားတဲ့ ခရမ်းချဉ်သီးကိုထည့်ပါ။ အရောင်တင်မှုန့်အနီထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့်ပါ။ ဆီပြန်လာအောင်ထားပါ။ ဆီပြန်လာရင် တုံးထားသော ငါးရံခြောက်ကိုထည့်ပါ။ ၃ မိနစ်လောက် ခဏလုံးလိုက်ပါ။ ပြီး ရေနွေးအနည်းငယ်ထည့်ပါ။ (အရည် စပ်စပ်လေးနဲ့ စားချင်လို့ ရေနွေးနည်းနည်းထည့်လိုက်တာပါ။ ဆီပြန်စားလဲရပါတယ်နော်။) ဆူလာအောင်ထားလိုက်ပါ။ ဆူလာပြီဆိုရင်တော့ ငရုတ်သီးစိမ်းထည့်၊ နံနံပင်ကို ထည့်အုပ်ပြီး မီးဖိုပေါ်ကချနိုင်ပါပြီရှင်။ ငါးရံခြောက်ချက်နည်း ရပါပြီရှင်။ သုံးဆောင်သွားပါအုံးလား။

20 comments:

Yu Ya said...

ငါးရံခြောက် စပ်စပ်ချက်လေးကို ရှုးရှဲရှုးရှဲဖြစ်အောင် စားသွားပါတယ်ခင်ဗျ။

yu ya

subuueain said...

ငါးရံ့ ခြောက်ဟင်းကို အနှစ်လေးနယ်စားရတာ အရမ်းကြိုက်တယ်။ အိမ်မှာဆို တမာချဉ်ပေါ်ချိန်ဆို တမာချဉ်နဲ့တို့ တယ်။ ချဉ်ရေလေးလည်းသေက်သွားပါတယ်။ မမိုးနဲ့အကြိုက်ချင်းတော်တော်များများတူမယ်နဲ့တူတယ်။ အစပ်ကြိုက်တာချင်း။ ဗမာအစာကိုပိုကြိုက်တာချင်းလေ

JuneOne said...

ဗိုက်ဆာချိန်လာဖတ်မိရက်သားဖြစ်နေတယ်။ဂလု

မီယာ said...

ငါးရံ့ခြောက်တောင် လွမ်းလာပြီ...
ငါးခြောက်နဲနဲပဲ ပါလာလို့ နှမြောနေတာ... စမ်းပြီး ချက်ကြည့်ဦးမယ်။

ကိုလူထွေး said...

မိုးကောင်းသူတို့ကတော့ ဘယ်တော့မှ မရိုးစေရဘူးနော်...

းဝ)

မြစ်ကျိုးအင်း said...

ညအိပ်မပျော်လို့ ဗိုက်ဆာနေတာ အချိန်မှားပြီး လာမိပြီး အခုဗိုက်ပိုဆာသွားပြီ အမရေ။

(၀န်ခံချက်။ တကယ်စားချင်စိတ် ဖြစ်ပေါ်နေပါကြောင်း)

ကျောပိုးအိတ် said...

မမရေ မမရေ မမရေ မမရေ

စပ်လို့ ရေတောင်းနေတာနော်။
အဟိ

ချစ်တဲ့
ကျောပိုးအိတ်

စန္ဒကူး said...

ငါးခြောက်ထဲမှာငါးရံ့ကို အကြိုက်ဆုံးဘဲ..
အသားနဲ့တောင်လဲစားနိုင်တယ်သိလား...
စပ်စပ်ချက်တာ မစားဖူးသေးဘူး...
ဟူးးဟူးးးးး ဒီအရွယ်ရောက်နေပီ မစားဖူးသေးတာ တွေအများကြီးဘဲ....
အနဲဆုံးတော့ ပုံလေးငမ်းလို့ရတယ်.. ချက်နည်းလေး လဲမှတ်ထားလို့ရတယ်..
ကျေးဇူးနော် ..နော်

Vista said...

အသေကြိုက်တဲ့ဟင်းပါ မမရယ် ဟင့်

မေလေး said...

ငါးရံ့ခြောက် နှစ်ဖတ် နှိုက်စားပြီး ချဉ်ဟင်း နှစ်ဇွန်းသောက်သွားတယ် မမရေ

မေဇင် said...

မမ နောင့် မှာ ငါးရံ့ခြောက်တွေ ရှိတယ် အိမ်က ပို့ထားတာ... ကင် ပဲစားတတ်တယ်..ဒီမှာက ကင်ဖို့ လဲ အဆင်မပြေတာနဲ့ ဒီတိုင်းထားထားတာ... ခုတော့ အိုင်ဒီယာ ရပြီကွယ်... ကျေးဇူးပဲမမ.. ချက်နည်းလေး ရော ဆိုတော့... ကောင်းလိုက်တာ..နောင့် လိုက်ချက်မယ်..။

ဂျာမုန်းဒန် said...

စားမယ်ဗျို့။
အစပ်ဆိုဂျာမုန်းတို့အကြိုက်ပါရှင်။

စူးနွယ်လေး said...

ကောင်းတယ် ကြိုက်တယ်
တမာရွက်၊ ဆလပ်ရွက်နဲ့ တို့ရင် ရှယ်ပဲ

ငှက်ငယ်လေး said...

ညလေးလည်းများကြီးလာစားသွားတယ် :D

ခရေညို said...

အများကြီး စားသွားပါတယ်။ အမလေး စပ်လိုက်တာ ။
ခရေညို ဆီလာလည်ပြီ လိုတာပြောပေးပါအုန်း။
http://khayaynyo.blogspot.com/

neking said...

မစားရတာကြာပြီ...ပုံကြည့်ယုံနဲ့အရသာကောင်းမှန်းသိတယ်နော်...ဟဲဟဲ..

သိင်္ဂါကျော် said...

ကောင်းမယ့်ပုံပဲ
ကြိုက်တယ်...။
ကိုယ်ဟာကိုယ်သာ မချက်ချင်တာ၊ သူများချက်တာ အားလုံး စားချင်တယ်။

rose of sharon said...

ငါးရံ့ခြောက်လေးလွမ်းလိုက်တာ

ကျော်နှင်းဆီလွင် said...

မရေခုတလောအမေချက်တဲ့ဟင်းတွေလွမ်းနေတာ။
ငါးရံ့ခြောက်ဘယ်ဆိုင်မှာသွားဝယ်ပြီးချက်စားရမလဲ စဉ်းစားနေတယ်
:D

မေသစ္စာမောင် said...

ပုံလေးတွေကြည့်ပြီး ဗိုက်တောင်ဆာလာပြီကွယ် :D