Tuesday, June 9, 2009

ဒန်ပေါက်

ပြီးခဲ့တဲ့ သောကြာနေ့က လုပ်စားဖြစ်တာပါ။ ဘန်ကောက်က ကိုယ်တော်ကြီးသူငယ်ချင်းတွေတွေ့နေကြက ၇ ယောက်ရှိပါတယ်။ လင်မယား ၃ တွဲနဲ့ လူဆိုးတစ်ယောက်။ အခုတော့ တစ်ယောက်တိုးနေပြီ။ အဟီးးးးးးးးး ဒီနေ့တော့ ၅ ယောက်တည်း လုပ်စားဖြစ်တယ်။ ပြောချင်တာက ကိုယ်တော်ကြီး နဲ့ လူဆိုးမှ လွဲလို့ ကျန်တဲ့ ယောကျာ်း ၂ ယောက်က ဟင်းချက်တော်တ်ာလေးကောင်းပါတယ်။ ကိုယ်တော်ကြီးလက်ရာကိုတော့ မှတ်မှတ်ရရ ခုချိန်ထိ တခါမှမစားဖူးသေးဘူး။ ရယ်ဒီမိတ် ကော်ဖီတောင် ဖျော်တိုက်ဖူးရဲ့လားလို့ မနည်းတောင်စဉ်းစားရတယ်။ တော်ပါပြီ မပြောတော့ပါဘူးလေ။ ကိုယ်တော်ကြီး အတင်း သုတ်နေတယ်ဖြစ်တော့မယ်။ သူငယ်ချင်းတွေအိမ်များသွားလည်ရင် ဒါက အစ်မချက်တာ၊ ဒါက အစ်ကိုကြီးတွေချက်တာနဲ့။ ဘယ်သူချက်ချက်ကောင်းတာကြီးပဲ။

ပြောချင်တာက အခု ဒန်ပေါက်ကလဲ ကျွန်မချက်တာ မဟုတ်ပါဘူးနော်။ ချက်လဲ မချက်တတ်ပါဘူး။ အချက်အပြုတ်ကောင်းတဲ့ ယောကျာ်း ၂ ယောက်တည်းက ၁ ယောက်ချက်သာပါ။ ပြောရရင် မင်းသားချက်တာပေါ့။ :D ကျွန်မတို့က ဇာတ်ရံ နဲ့ လူဆိုးတွေပေါ့။ ကျွန်မက ဆိတ်သားလေးပဲ ၀ယ်ပြီး ရေသေချာဆေး နယ်ထားလိုက်ပါတယ်။ ကျန်တာအားလုံးက မင်းသားတို့ လင်မယား ယူခဲ့တာပါ။ ဒီနေ့ မိုးကောင်းသူတို့ လင်မယား အကုန်အကျ သိပ်များသွားသလား။ :D
ကဲပါလေ ဒန်ပေါက်လေးကိုလဲ သုံးဆောင်သွားပါအုံးနော်။ အလှူလက်ဖက်နဲ့ မျက်နှာလုပ်လိုက်တယ်။



ပထမအိုးက ဆိတ်သားနဲ့ ဒန်ပေါက်ပါ။ ဒုတိယအိုးက ကြက်သားနဲ့ ဒန်ပေါက်ပါ။ ကြိုက်ရာ သုံးဆောင်သွားပါအုံးလား။ အခု ခူးထားတာကတော့ ဆိတ်သား နဲ့ ဒန်ပေါက်ပါ။ ဟင်းရည်က မနုတ်တန်တီ တဲ့။ စာလုံးပေါင်းမှာနေပြီလားမသိ။ မှားလဲ ခွင့်လွတ်အုံးနော်။


ကြက်သားဟင်း


ဆိတ်သားဟင်း


သခွားသီး ၊ ပူစီနံ ၊ ငရုတ်သီးစိမ်း


သခွားသီးအချဉ် (ဒိန်ချဉ်နဲ့ သုပ်ထားတယ်)


သရက်သီး သနှပ် ( Mustafa/မူစတာဖာက ၀ယ်လာတာ)


ကြက်သားအိုး ရပါပြီ။ ဒန်ပေါက် မဆာလာခတ်ထားပါတယ်။



ဒိန်ချဉ်နဲ့ပါ နယ်တယ်။ (ဆား၊ အချိုမှုန့်၊ ဆနွင်း၊ ဟင်းချက်အရက်၊ ဒိန်ချဉ်ထည့်နယ်ထားပါတယ်)


ဆိတ်သားအိုး ရပါပြီ။ ဒန်ပေါက် မဆာလာခတ်ထားပါတယ်။


ဒိန်ချဉ်ပြန်ထည့်နယ်တယ်။ (ဆား၊ အချိုမှုန့်၊ ဆနွင်း၊ ဇီယာ၊ သံပရာသီး၊ ဟင်းချက်အရက် ထည့်နယ်ထားပါတယ်)


အရောင်ဆိုးပြီးသောအခါ


အရောင်ဆိုးနေပါပြီ။


ထမင်းတော့ ချက်ပြီနော်


ဒန်ပေါက်ထမင်းတည်တော့မယ်။ အမွှေးအကြိုင်အရွက်အကုန်ထည့်၊ ထောပတ်ထည့်၊ ဆားထည့်၊ သကြားထည့်၊ ဒိန်ချဉ်ထည့်၊ သီဟိုစေ့ထည့်၊ စပျစ်ထည့်၊ ဘာထည့် ညာထည့် အကုန်တာထည့် ဟီးးးးးးးးးးးးးးးးးးးးးး


ချက်နည်း နောက်နေ့ရေးပေးမယ်နော်။ ပြန်မေးလိုက်ပါအုံးမယ်။ ထည့်တာတွေ သိပ်မမှတ်မိလို့။ ချက်နည်း ပြန်မေးပြီး ပို့လိုက်တဲ့အတိုင်း ကူးထားပါတယ်နော်။

--------------------------------------

တကယ်တော့ ဒီနည်းက တကယ့်ဒန်ပေါက်ချက်နည်းလို့ ပြောလို့မရပါဘူး။ အလွယ်ချက်လိုက်တာပါ။ :P
တကယ့်ချက်နည်းက ထမင်းကို ပေါင်းအိုးနဲ့ ရေခမ်းမတည်ဘဲ ပွက်လာတဲ့အခါ ရေငှဲ့ပြီးမှ အသားနဲ့ အမွှေးအကြိုင် အဆာပလာတွေထည့်ပြီး အပေါ်မီး၊ အောက်မီးနဲ့ ပြန်နှပ်ထားတာပါ။ အခုဟာကတော့ ဒန်ပေါက်အလွယ်ချက်နည်း တစ်မျိုးပေါ့နော်။ တစ်ခြားချက်နည်းတွေလည်း အများကြီးရှိပါသေးတယ်။ တစ်ယောက်နဲ့ တစ်ယောက်နည်းနည်းစီတော့ ကွဲတာပေါ့နော်။


ဒန်ပေါက်ချက်ရန်လိုအပ်သော ပစ္စည်းများ

၁။ ကုလားဆန် (သို့) ဒန်ပေါက်ဆန် (Basamati Rice) - Fair Price (NTUC) မှာ ၀ယ်လို့ရပါတယ်။
၂။ ကြက်သား (သို့) ဆိတ်သား
၃။ ဒန်ပေါက်မဆလာ
၎။ ဒိန်ချဉ် ၂ ဗူး
၅။ သီဟိုဠ်စေ့၊ သစ်အယ်စေ့၊ စပျစ်သီးခြောက်
၆။ ထောပတ် (သို့) မာဂျရင်း
၇။ အရောင်ဆိုးဆေး (အနီနဲ့ အ၀ါ) - ဒါလည်း Fair Price (NTUC) မှာ ၀ယ်လို့ရပါတယ်။ ပုလင်းလေးတွေနဲ့ ရောင်းပါတယ်။
၈။ ဟင်းချက်ဝိုင် (Rice Wine)
၉။ သစ်ဂျပိုးခေါက်၊ ဖာလာစေ့၊ လေးညှင်းပွင့်၊ မုန်ညင်းစေ့၊ နံနံစေ့၊ ဇီယာစေ့၊ ကရဝေးရွက်၊ ပျဉ်းတော်သိမ်ရွက်(Curry Leaf)၊ ဇာပွင့် (အနည်းငယ်စီ)
၁၀။ သခွားသီး၊ ပူစီနံရွက်၊ မုန်လာဥနီ၊ ငရုပ်သီးစိမ်း (အချဉ်အတွက်)


ထမင်းချက်နည်း

ဒန်ပေါက်ဆန်ကို ရေဆေးပြီး ဆန်တစ်ခွက်ကို ရေတစ်ခွက်ခွဲနှုန်းနဲ့ ရေထည့်ပါ။
ပြီးဆားနည်းနည်း၊ မာဂျရင်း ထမင်းစားဇွန်း (၃) ဇွန်း၊ ဒိန်ချဉ် (၃)ဇွန်း၊ ဆန်ဝိုင် (၃)ဇွန်း၊ သစ်ဂျပိုးခေါက်၊ ဖာလာစေ့၊ လေးညှင်းပွင့်၊ ကရဝေးရွက် အနည်းငယ်စီထည့်ပါ။ ဒန်ပေါက်မဆလာ (၂) ဇွန်း ထည့်ပါ။ သီဟိုဠ်စေ့၊ သစ်အယ်စေ့၊ စပျစ်သီးခြောက် အနည်းငယ်စီထည့်ပါ။ ဒီ (၃) မျိုးက အခုမထည့်ဘဲ အသားထည့်ပြီးနှပ်တော့မှ ထည့်လည်းရပါတယ်။ ပြီးရင် ထမင်းအိုးတည်ထားလို့ ရပါပြီ။
အသားချက်နည်း (ကြက် သို့ ဆိတ်သား)
အသားကို အနေတော်တုံးပြီးရေဆေးထားပါ။ ဆား၊ အချိုမှုန့်၊ ဆနွင်း၊ ဇီယာ၊ ဒိန်ချဉ်၊ ဆန်ဝိုင်၊ ဒန်ပေါက်မဆလာ၊ မာဂျရင်း အနေတော်စီထည့်ပြီး နှပ်ထားပေးပါ။ ဟင်းချက်မဲ့အိုးထဲ ဆီထည့်ပြီး တည်ပါ။ ဆီပူလာတဲ့အခါ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တောက်တောက်စဉ်းပြီး ဆီသတ်ပါ။ ပြီးနှပ်ထားသော အသားများထည့်ပါ။ ဆား၊ အချိုမှုန့်၊ ဒန်ပေါက်မဆလာ လိုသလိုထပ်ထည့်ပါ။ သစ်ဂျပိုးခေါက်၊ ဖာလာစေ့၊ လေးညှင်းပွင့်၊ နံနံစေ့၊ ဇီယာစေ့၊ ကရဝေးရွက်၊ ဇာပွင့် အနည်းငယ်စီထည့်ပြီး ရေနည်းနည်းထည့်၍ ဆီပြန်လာအောင်လုံးပါ။ ဆီပြန်လာသောအခါ ရေထပ်ထည့်ပြီး အသားနူးအောင် တည်ထားပေးပါ။


ဒန်ပေါက်အိုးပြင်နည်း

ထမင်းကျက်ပြီဆိုတာနဲ့ အနေတော်ဇလုံနဲ့ (၃) ဇလုံခွဲလိုက်ပါ။ ထမင်းဆေးဆိုးရန် ဖြစ်ပါတယ်။ အိုးထဲမှာတော့ အောက်ခံထမင်း အနည်းငယ် ချန်ထားပေးပါ။ ပြီးဆိုးဆေးကို ခွက်တစ်လုံးထဲ ပုလင်းအဖုံးလေးနဲ့ ချိန်ပြီးထည့်ပါ။ ရေအနည်းငယ်ရောပေးပါ။ ပထမဇလုံထဲက ထမင်းကို အနီရောင်၊ ဒုတိယဇလုံထဲက ထမင်းကို အ၀ါရောင်ဆိုးပေးပါ။ ထို့နောက် ဇလုံတစ်လုံးထဲမှာ အနီရောင်၊ အ၀ါရောင်နဲ့ အဖြူရောင် ထမင်းများကိုရောမွှေထားပါ။ အသားဟင်းကျက်ပြီဆိုတာနဲ့ ထမင်းနည်းနည်းချန်ထားတဲ့ ထမင်းအိုးထဲကို ဆေးဆိုးထားတဲ့ထမင်းနည်းနည်းကိုဖြန့်ထည့်ပါ။ ထို့နောက် အပေါ်က အသားတုံးများကို ဖြန့်ထည့်ပါ။ ဆီနဲ့ ဟင်းအနှစ်များကိုလည်း ဖြန့်ပြီးဆမ်းပေးပါ။ နောက်အပေါ်က ထမင်းတစ်လွှာထပ်အုပ်ပါ။ နောက်ကျန်သေးတဲ့အသားများနဲ့ ဟင်းအနှစ်များကို ထပ်ဖြန့်ထည့်ပါ။ ပြီးနောက်ထမင်းတစ်လွှာ ထပ်အုပ်ပါ။ နည်းနည်းဘဲချက်တဲ့သူ ဆိုရင်တော့ (၃)လွှာဘဲပေါ့နော်။ အသားကိုအလယ်က ထည့်ပေးပါ။ ဒါမှထမင်းထဲကို ဟင်းအရသာ စိမ့်ဝင်မှာပါ။ ပြီးရင် ထမင်းအိုးကို အဖုံးပြန်ဖုံးပြီး မီးအေးအေးလေးနဲ့ (၁၅) မိနစ်လောက်ပြန်နှပ်ထားပေးပါ။ Rice Cooker နဲ့ဆိုရင်တော့ Warm လုပ်ထားရင်ရပါပြီ။ ခဏနေရင်တော့ ဒန်ပေါက်ထမင်း ရပါပြီ။ ထမင်းမခူးခင် အိုးထဲက ထမင်းနဲ့ အသားများကို သမအောင် ဖွဖွလေး အပေါ်အောက်လှန်ပြီး မွှေပေးပါ။ ပြီးရင်းတော့ ဒန်ပေါက်ထမင်းနဲ့ အသားများကို လိုသလို ခူးစားလို့ ရပါပြီ။


အအီပြေ မလုတ်တနီ ဟင်းရည် ချက်နည်း

အိုးထဲဆီအနည်းငယ် (အိုးကပ်) ထည့်ပြီး အိုးပူအောင်စောင့်ပါ။ အိုးပူလာပြီဆိုရင် ကြက်သွန်နီ လေးစိတ်တစ်စိတ်နဲ့ ကြက်သွန်ဖြူတစ်တက်ကို နုတ်နုတ်စဉ်းပြီးထည့်ပါ။ ပျဉ်းတော်သိမ်ရွက်(Curry Leaf)၊ ဖာလာစေ့၊ လေးညှင်းပွင့်၊ မုန်ညင်းစေ့၊ နံနံစေ့၊ ဇီယာစေ့၊ ကရဝေးရွက် အနည်းငယ်စီ ထည့်ပြီး ဆီသတ်ပါ။ ထို့နောက် ရေလိုသလောက်ထည့်၊ မန်ကျည်းသီးမှည့်ကို ရေဖျော်ပြီးထည့်၊ ဆားနဲ့ အချိုမှုန့်ထည့်ပြီး ဆူအောင်တည်ထားပါ။ အရမ်းချဉ်မှာကြောက်ရင်တော့ သကြားအနည်းငယ်ထည့်နိုင်ပါတယ်။ ဆူလာပြီဆိုရင်တော့ အပေါ့၊ အငန်မြည်းပြီးရင် အအီပြေ မလုတ်တနီ ဟင်းရည်အိုးချလို့ ရပါပြီ။


အချဉ်လုပ်နည်း

ကြက်သွန်နီကို ပါးပါးလှီးထားပါ။ သခွားသီးနဲ့ မုန်လာဥနီကို အချောင်းလေးတွေလှီးပါ။ ပူစီနံရွက်ခြွေထည့်ပါ။ ငရုတ်သီးစိမ်းလှီးထည့်ပါ။ ဆားအနည်းငယ်ထည့်ပါ။ အချိုမှုန့်မထည့်ပါနဲ့။ ဒိန်ချဉ်နဲ့ မလိုက်ပါ။ သကြားထည့်ချင်ထည့်နိုင်ပါတယ်။ ပြီးရင်ဒိန်ချဉ် ဆမ်းပြီးနယ်လိုက်ရင်တော့ အချဉ်ရပါပြီ။

6 comments:

MrDBA said...

ချက်နည်းလေး မေးပေးပါဗျို့။ ဒန်ပေါက်ကို မအောင်မြင်သေးဘူး ချက်စားဖို့ဟာမှာ။

လွတ်ငြိမ်းလေပြေ (breeze) said...

ဒန်ပေါက်ဆိုလို့ ပြေးလာပါတယ်
လေပြေလည်း ဒန်ပေါက် ချက်ဖို့ ကြိုးစားတာ မအောင်မြင်သေးပါ
း)
ချက်နည်းရေးပေးမှာ မျှော်နေမယ်နော်
း)

ဂျူနို said...

ယောင်းယောင်းရေ
ဒန်ပေါက် အရမ်းကြိုက်ပါ။
ဆိတ်သားလည်း အရမ်းကြိုက်။
အလုပ်များနေလို့  ရောက်ပေမဲ့ နုတ်မဆက်ဖြစ်တာပါ။
နေ့ တိုင်းလာပါတယ်။


မအယ်

ခမ်းကီး said...

စားချင်လိုက်တာ...။ သွားရည်တောင်ယိုတယ်။

MrDBA said...

မန်းကြီး အမကဒီမှာရှိတယ်လား .. (ဟီး)သူ့လိုဘဲ မဲတူးတူးနေမှာဘဲ။ (တိန်)

ကိုလူထွေး said...

ချက်နည်းမလိုချင်ပါ...
ကြက်သားဒန်ပေါက် တစ်ပွဲပဲ အမြန်ချောနဲ့ ပို့ပေးပါ...ထမင်းဖိုးလိုချင်ရင်တော့ အိမ်မှာ စာလာဖတ်ရပါမယ်...

အပေါ်မျာရေးထားတာကနောက်တာ...
အောက်မှာက တကယ် အတည်ရေးမှာ...

အဲဒီနေ့က ဘယ်နှစ်ပွဲ တွယ်လိုက်လဲ...

းဝ)