Friday, April 3, 2009

ကန်စွန်းရွက် ချဉ်ဟင်း၊ ပဲနှပ် နဲ့ ငရုတ်သီးထောင်း

ဒီနေ့တော့ အသားဟင်းတွေ မချက်ဘဲ အသီးအရွက် ဟင်းတွေပဲ ချက်လိုက်ပါတယ်။ သတ်သတ်လွတ်ဟင်းလို့လဲ ပြောလို့မရပါဘူး။ ကန်စွန်းရွက် ချဉ်ဟင်းထဲမှာ ငါးပိ နဲ့ ပုဇွန်ခြောက် ခတ်ထားလို့ပါ။ သူနဲ့ ကျွန်မက အသားဟင်းတွေပါမှ ထမင်းမြိန်တာ မဟုတ်ပါဘူး။ ကိုယ်စားချင်တဲ့ အသီးအရွက်လေး တခွက်နဲ့စားလဲ ထမင်း မြိန်ပါတယ်။ ဒီနေ့တော့ အသားကြီး ငါးကြီး ရှောင်သောနေ့ဆိုပြီး ဆင်ခြေ ဆင်လက် ပေးလိုက်မယ်နော်။ ဟီး



ကန်စွန်းရွက် ချဉ်ဟင်း သုံးဆောင်သွားပါအုံးလား



ပဲနှပ်လေး သုံးဆောင်းသွားပါအုံးလား။ ဆီတော့ နည်းတယ်နော်။



ဟောဒီက ငရုတ်သီးထောင်း စပ်မှာစိုးလို့ ခေါ်တော့ဘူး အစပ်လေးနဲ့မှ ကြိုက်တယ်ဆိုလဲ စားသွားပါအုံး။ (ငရုတ်သီး ၅ တောင့်၊ ကြက်သွန်ဖြူ ၂ တက်၊ ဆား၊ အချိုမှုန့်၊ နံနံပင်နဲ့ ထောင်းထားပါတယ်ရှင်) ဆီစိမ်းလေး ဆမ်းလဲရတယ်နော်။ ဒီနေ့တော့ ဆီစိမ်း မဆမ်းဘဲ ဒီတိုင်းလေး ထားလိုက်ပါတယ်။




ကန်စွန်းရွက်ချည်ဟင်း အတွက် လိုအပ်သောအရာ

ကန်စွန်းရွက် အသေး ၁ စည်း
ကြက်သွန်နီသေးသေး ၁ လုံး ပါးပါးလှီး
ကြက်သွန်ဖြူ ၂ တက် ထောင်း
ငါးပိ လက်တဆစ်
ပုဇွန်ခြောက်ထောင်း (တချို့လဲ ပုဇွန်စိတ်လေး နဲ့ ချဉ်ဟင်းချက်ပါတယ်။ ဒီမှာ ပုဇွန်စိတ် မတွေ့ပါဘူး)
မက်လင်ခြောက်ဖတ် ၅ ဖတ် (သို့) မန်ကျည်းမှည့်


ကန်စွန်းရွက်ချည်ဟင်း ချက်နည်း

ကန်စွန်းရွက်ကို ကတ်ကြေးလေးနဲ့ အနေတော်ဖြတ်ပြီး ရေဆေးထားပါ။ မဟုတ်လဲ လက်နဲ့ဖြတ်လိုက်နော်။ ဟင်းရည်ချက်မယ့်အိုးထဲသို့ ဆီနည်းနည်းလေးထည့် ဆီကျက်လာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်တို့ကိုထည့်၊ ကြက်သွန်နီထည့်၊ အရောင်တင် ငရုတ်သီးမှုန့် နည်းနည်းထည့် ကန်စွန်းရွက်ထည့်ပြီး ခဏလုံးထားပါ။ ကန်စွန်းရွက်များအိသွားပြီ ဆိုမှ ဆား၊ အချိုမှုန့်၊ ငါးပိ၊ ရေနွေးထည့်ပြီး တည်ထားပါ။ ဟင်းရည်အိုးဆူလာရင် မက်လင်ခြောက်ဖတ် ၅ ဖတ် (သို့) မန်ကျည်းမှည့်ကို ရေဖျော်ပြီးထည့်ပေးပါ။ နာနာလေး ဆူနေအောင်တည်ထားပေးပါ။ အချဉ်အနံ့လေးများလဲ တထောင်းထောင်းထွက်လာရင်တော့ ကန်စွန်းရွက် ချဉ်ဟင်း ရပါပြီရှင်။



ပဲနှပ် အတွက် လိုအပ်သောအရာ

ကုလားပဲ (သို့) ပဲဝါလေး လက်နှစ်ဆုပ်
ကြက်သွန်နီ အနေတော် ၁ လုံး


ပဲနှပ်ပုံ နှပ်နည်း

ကုလားပဲ (သို့) ပဲဝါလေး လက်နှစ်ဆုပ်ကိုရေဆေးပါ။ ဒီနေ့ ကျွန်မကတော့ ပဲဝါလေး နှပ်ပါတယ်။ တခြားသူတွေတော့ ပဲကို ဘယ်လိုနှပ်လဲ မသိ။ ကျွန်မကတော့ ဆားမပါဘဲ ပဲကို နူးအောင် အရင်ပြုတ်လိုက်ပါတယ်။ အမေကပြောတယ် ပဲပြုတ်ရင် ဆားမထည့်ဘဲ ပြုတ်တဲ့။ ဒါမှ ပဲကနူးလွယ် နှပ်လွယ်တာတဲ့။ မဟုတ်ရင် ပဲက ဆတ်တောက် ဆတ်တောက်ကြီးတဲ့။ (ပဲက မာတာတာနဲ့ မကျက်ချင်ဘူးလို့ပြောချင်တာပါ။) အဲ.......... ပဲနူးသွားရင်တော့ ကြက်သွန်နီကို ပါးပါးလှီးပြီး ဆီကျက် ၀ါဝါလေးချက်လိုက်ပါတယ်။ ကြက်သွန်နီ ဆီကျက် ရပြီဆိုရင်တော့ ဆား၊ အချိုမှုန့် နည်းနည်းထည့်၊ ပြုတ်ထားတဲ့ပဲနဲ့ရောမွေ ပြီး ၅ မိနစ်လောက်ကြော်လိုက်ပါတယ်။ ဒါဆိုရင်တော့ ပဲနှပ် ရပါပြီရှင်။

7 comments:

Phyo Evergreen said...

ငှင်းငှင်း ချဉ်ရည်ဟင်းလေး ဦးဦးဖျားဖျားသောက်သွားတယ်.. ကောင်းကောင်း။

:P said...

ကန်စွန်းရွက်ချဉ်ရည်၊ ငါးကြော်၊ ကန်ဇွန်းရွက်+ပဲပင်ပေါက်+ပဲပြားောကာ်..
ပဲနှပ်နည်း မှတ်သွားပါသည်။

MrDBA said...

အား ပါး .. အညာစာတွေပါလား။ နွားနို့ခဲချက်ကလေး ချက်ပါဦးလား တစ်ရက်လောက်။

ဇနိ said...

အင်း ငရုတ်သီးထောင်းကြိုက်တယ်.. ကိုကို ဒီဘီရေ ကျနော်တော့ နွားနို့ခဲချက်တာ အရီခံရဖူးတယ်... တချို့နယ်တွေက မချက်ကြဘူးထင်တယ်

WWKM said...

ပဲကြီးနှပ်ရော.. ကဇွန်းရွက်ချဉ်ရည်ရော.. အကုန်ကြိုက်
ငြုတ်သီးကတော့ စားဘူးးးး)

မိုးကောင်းသူ said...

phyo
လျှာလဲ အပူလှောင်အုံးမယ်နော်။ ဖြည်းဖြည်းသောက်ပါ။

sin dar lar
မှတ်ပါ မှတ်ပါ။

ကိုကြီး ဒီဘီ
သူ့အကြိုက်တွေလေ။ ဟီး။ နွားနို့ခဲတော့ မလုပ်တတ်ဘူ။ ချက်တာတော့ ချက်တတ်ပါတယ်။ ကိုကြီး ဒီဘီ ပြောမှ စားတောင်စားချင်လာပြီနော်။

ကိုဇနိ
နွားနို့ခဲက အညာကပဲ ချက်တာထင်တယ်။ ကျွန်မက မန္တလေးရောက်မှ စားဖူးတာ။

မမ၀ါ
ကျွန်မက စပ်သီး ကြိုက်ကြိုက်။ အစပ်မပါရင်ကို မစားတတ်ဘူးဖြစ်နေပြီ။

စူးနွယ်လေး said...

တို့အမေလည်း အဲလိုပဲ အာလူးတို့၊ ပဲတို့ ချက်ရင် ဆားမထည့်ပဲ အရင်တည်တယ်။ နူးလွယ်အောင်လို့တဲ့။