Wednesday, April 15, 2009

ပဲကြီးနှပ် နဲ့ ငါးရံခြောက်ချက်

ပဲကြီးချက်စားရတဲ့အကြောင်းကတော့ နောက်တပတ်လဲ ၀ါးတီးရှိပါသေးတယ်။ မိုးကောင်းသူတို့ လင်မယား ဒီလ ဘာကံဇာတာတွေ တက်နေလဲမသိ။ သူငယ်ချင်းရဲ့မိန်းမက ပဲကြီးဟင်းရည်ကို ဆူးပုတ်နဲ့ ချက်ကျွေးမယ်၊ ပြီးတခြားဟင်းကောပေါ့။ ပဲကြီးကို ကျွန်မတို့နားက ကုလားမဆိုင်မှာ လာဝယ်ပါတယ်။ ပင်နီဆိုလာက သေးသေးလေးတထုပ်ကို ၂ကျပ် ၂၀ပြားပေးရတယ်။ ဒီမှာက ၁ကီလိုမှ ၃ကျပ် ၅၀ ပြားဆိုတော့ ပိုတန်သလားလို့ပါ။ ပြီးတော့ ကုလားမဆိုင်က ပဲမျိုးစုံရှိတယ်။ ဘာပဲလို့ ဘာပဲမှန်းမသိဘူး။ ဒီတော့ကျွန်မလဲ ပဲကြိုက်တဲ့ကိုယ်တော်ရှိတော့ ချက်စမ်းကြည့်အုံးမှဆိုပြီး ပဲကြီးကို ၀ယ်ခဲ့ပါတယ်။ ပဲကြီးကိုတော့ တခါမှ မချက်ဖူးပါ။ သူငယ်ချင်း အစ်မက ပဲကြီးကို ညနေချက်မယ်ဆိုရင် မနက်မှာရေစိမ်ထား။ ပြီးအခွံချွတ်လိုက်တယ်။ ပဲကြီးကို နှစ်ယောက်စာ တခွက်တည်းချက်ပေလို့တော်သေးတယ်။ အခွံချွတ်ရတာက နာရီဝက် လောက်တော့ အသာလေးကြာသည်။ (ဟိုနေ့ကျရင် လာစားမယ့်သူများမှာ အယောက် ၂၀ လောက်အသာလေးရှိမည်။ ပဲကြီးကို ဘယ်လိုချွတ်မလဲတော့ ကျွန်မလဲ မသိ) ပြီးတော့ ပဲကြီးက နူးလွယ်တဲ့အမျိုးတဲ့။ ဒါနဲ့ ကျွန်မလဲ ပဲကြီးကို မတို့ မထိပဲ ပြုတ်ထားလိုက်ပါတယ်။ ဟဲဟဲ ဒါပေမယ့် ဆီကျက်နဲ့လဲ ရောကြော်ရော ပဲကြီးလဲ ဘ၀ပျက်ပါလေရော။ ပဲကြီးရုပ်ပေါက်တောင်မမြင်ရတော့ဘူး။ မထူးပါဘူးလေဆိုပြီး ပဲကြီးကို ကျေအောင်သာ မွှေလိုက်ပါတော့တယ်။





ပဲကြီးနှပ်လေး သုံးဆောင်သွားပါအုံးလား။ ဓာတ်ပုံကို စတိုင်တမျိုးနဲ့ရိုက်ထားတယ်။ လှမလားလို့။






ငါးရံခြောက်ချက်လေးလဲ သုံးဆောင်သွားပါအုံးလား။ အိမ်က ပါးတဲ့ ငါးရံခြောက်ပါ။ ဒီတခါတော့ ငါးရံကို ချက်လိုက်ပါတယ်။ ကြက်သွန်ဖြူ နီ မပါပါဘူး။ ခရမ်းချဉ်သီးနဲ့ ပလိန်းချက်လိုက်ပါတယ်။ ဆိတ်သားခြောက်ချက်နည်းနဲ့ အတူတူပါပဲ။ ဒီမှာ ရေးဖူးပါတယ်နော်။




ပဲကြီးနှပ် အတွက် လိုအပ်သောအရာ

ပဲကြီး လက်နှစ်ဆုပ်
ကြက်သွန်နီ ၁ လုံး နဲ့ ကြက်သွန်ဖြူ ၃ တက် ဆီကျက် ၀ါဝါလေးချက်


ပဲကြီးနှပ်ပုံ

ပဲကြီးကို ရေစိမ်ထား။ ကြာကြာစိမ်လေ ကောင်းလေပါပဲ။ ဒါမှ အခွံခွာရတာ ပိုကောင်းတယ်။ အဲပြီးရင်တော့ ပဲကြီးကို ဇိမ်နဲ့ခွာပါတော့။ ဇတ်ကျောတော့ ညောင်းတယ်နော်။ မယုံ မရှိနဲ့နော် ကိုယ်တွေ့ ကိုယ်တွေ့။ အခွံခွာပြီးရင်တော့ ပဲကြီးကို ရေထည့်ပြီး နူးနေအောင်ပြုတ်ထားပါ။ ပဲကြီးနူးရင် ဆားထည့်၊ အချိုမှုန့်ထည့်၊ ကြက်သွန်နီ ကြက်သွန်ဖြူ ဆီကျက်ဝါ၀ါလေးနဲ့ ရောပြီးကြော်ပေးပါ။ ဆီရွှဲရွှဲလေးနဲ့ စားချင်ရင်တော့ ဆီကျက်များများထည့်ပါ။ ကျွန်မလဲ ဆီထည့်တော့ ထည့်တာပဲ။ ပဲက ဆီစုတ်တယ်နဲ့တူတယ်။ ဆီထည့်လိုက် ပျောက်လိုက်နဲ့။ အများကြီးလဲ ထည့်ရဲဘူး။ တော်နေဆီများပြီး အီနေမှာစိုးလို့။ ကဲ ဒါဆိုရင်တော့ ပဲကြီးနှပ်လေး ရပါပြီနော်။ လုပ်စားကြည့်ပါလား ဇာတ်ကျော တက်စေရမယ်။ ဟီးဟီး

2 comments:

စူးနွယ်လေး said...

ဟေး....ခုမှပဲ တို့အကြိုက်လာတော့တယ်။ ပဲကြီးနှပ်နဲ့ ငါးရံ့ခြောက်ချက် သိပ်လိုက်ပေါ့။ အမေက အိမ်မှာချက်ရင် ပဲကြီးကို ရေနွေးပူပူထဲမှာ စိမ်လိုက်တယ်။ ဒါဆို ခဏနေရင် အခွံချွတ်လို့ရပြီ။ အ၀ငမ်းသွားတယ်နော်။ မစားရ ညှော်ခံဘ၀ထက်တောင် ဆိုးနေပြီ။ ညှော်နံ့လေးတောင် မရှူရတဲ့ ဘ၀ပါလားနော်..

ကိုလူထွေး said...

ပဲကြီးနှပ် ကောင်းပါတယ်... မမိုးကောင်းသူက ဖွယ်ဖွယ်ရာရာ ချက်တတ်တယ်...