Wednesday, April 29, 2009

ကြက်ဆီဖူးကြော် နဲ့ မုန်လာဥချဉ်ဟင်း

ဒီရောက်ကတည်းက ကြက်ဆီဖူးကို သတ်သတ် မ၀ယ်စားဖူးပါ။ မတွေ့တာလဲ ပါပါတယ်လေ။ ဟိုတလောက စုဘူးအိမ်လေး က ကြက်ဆီဖူးကြော်တင်တော့ စားချင်လိုက်တာ အရမ်းပဲ။ ဘယ်မှာဝယ်ရလဲလို့တောင် မေးယူရတယ်။ ဒီနေ့တော့ Shop n Save မှာ ကြက်ဆီဖူးတွေ့တာနဲ့ ပျော်ပျော်ကြီးဝယ်လာခဲ့တယ်။ သူကတော့ မကြိုက် ကိုယ်ပဲစားပလိုက်တယ်။





ကြက်ဆီဖူးကြော် သုံးဆောင်သွားပါအုံးလား။




ခရမ်းသီးကြော် သုံးဆောင်သွားပါအုံးလား။




မုန်လာဥ ချဉ်ဟင်း သုံးဆောင်သွားပါအုံးလား။ (ငါးရံခြောက်လေး နည်းနည်းပါ ထည့်ချက်လိုက်ပါတယ်)




ငွေပင်လယ် ငါးမုန့်ကြော် စားသွားအုံးနော်။


ကြက်ဆီဖူးကြော်ပုံ

ကြက်ဆီဖူးကို အဖုပါတဲ့ဘက် အပေါ်ကနေ ဓားနဲ့လှီးလိုက်ပါ။ ပြီး ရေနဲ့သေချာစွာဆေးပါ။ ကျွန်မကတော့ အနံ့နံမှာစိုးလို့ မန်ကျည်းမှည့်နဲ့ပါ ဆေးလိုက်ပါတယ်။ ပြီး ဆား၊ အချိုမှုန့်၊ ဆနွင်း၊ ဂျင်းလက်တစ်တဆစ်ထောင်း အရည် နဲ့နယ်လိုက်ပါတယ်။ ကြော်မယ့်အိုးတည်ပါ။ ဆီနည်းနည်းထည့်ပါ။ ဆီကျက်လာရင် နယ်ထားတဲ့ ကြက်ဆီဖူးကို ကြော်ပါ။ အဲ.........ဂျင်းလဲပါးပါးလှီးပြီး ထည့်ကြော်လိုက်ပါတယ်နော်။ ကြက်ဆီဖူးကြိုက်တတ်ရင်တော့ အဲလိုလေး ကြော်စားလဲ ကောင်းပါတယ်နော်။



ခရမ်းသီး ကြော်နည်း

ခရမ်းသီး အနေတော် ၁ လုံးကို အခွံနွှာ ရေဆေးပါ။ ပြီး ထမင်းအိုးအန် နဲ့ ပေါင်းလိုက်ပါတယ်။ အိတဲ့အထိ ပေါင်းပေးပါ။ ကြော်မယ့်အိုးတည်ပါ။ ဆီနည်းနည်းထည့်ပါ။ ဆီကျက်လာရင် ကြက်သွန်ဖြူ ၂ တက်ထောင်းကိုထည့် ၊ ဆနွင်းနည်းနည်းထည့်ပြီး ဆီသတ်ပါ။ ပေါင်းထားတဲ့ ခရမ်းသီးကို ဓားနဲ့တောက်တောက်စင်းပြီးထည့်၊ ဆား၊ အချိုမှုန့် နည်းနည်းထည့်ကြော်ပါ။ ဒါဆိုရင်တော့ ခရမ်းသီးကြော်ရပါပြီနော်။ ဒါကတော့ သူ့အကြိုက်။

5 comments:

မဆုမွန် said...

မုန်လာဥချဉ်ဟင်း လာစားသွားတယ်။

ခံတွင်းပျက်နေတာနဲ့အတော်ပဲ အသုပ်လေးတွေ လုပ်ကျွေးပါလား ဟင်..
နေကလဲ ပူတော့လေ အသုပ်လေးနဲ့ ဟင်းချိုဆန်းဆန်းလေး သောက်ချင်တယ်နော်..

T T Sweet said...

နေ့လည်စာ စားခါနီး အရမ်းဆာနေချိန်မှာ လာလည်မိလို့ ဂလု ... ဂလု ... ဂလု ...း) ခရမ်းသီးကြော် ၊ မုံလာဥချဉ်ဟင်း အကြိုက်တွေ ချည်းပဲ ... ချဉ်ဟင်းက ပေါလောပေါ်နေတာ ငါးဖယ်တွေလားဟင် ... အဲဒါလဲ နှိုက်စားသွားတယ် ...

JuneOne said...

ကြက်ဆီဖူးတစ်ခါမှကြော်မစားဖူးဘူး။
ကြော်စားကြည့်အုံးမယ်။

ကိုလူထွေး said...

ခရမ်းသီး သုတ်ရဲ့ ဘေးက ဝိုင်းနေတာ ဆီတွေလား...

ဟရို့ ရို့ ...

Moe Cho Thinn said...

အတွေ့နောက်ကျလိုက်လေ။
ကြက်ဆူဖူးကြော်လဲ ကြိုက်၊ ငါးမုန့်ကြော်လဲ ကြိုက်။ ခရမ်းသီးနှပ်လဲ ကြိုက်။
အမ မလေးရှားမှာနေတုန်းက ကြက်ဆီဖူးကြော်လေးတွေ ညနေတိုင်း ညဈေးလေးက နေ့တိုင်း တထုပ် တထုပ် (2RM ပဲ ပေးရတာ) ၀ယ်စားတာ လူလဲ ဒုက္ခရောက်မသွားတာ ကံကောင်း။ အဲဒီလောက်တောင် ကြိုက်ရသည် ပေါ့ညီမရယ်။