Thursday, April 9, 2009

အသုပ်စုံ

အသုပ်စုံဆိုလို့ ရောပြီးသုပ်ထားတဲ့ အစုံသုပ် ဟုတ်ဘူးနော်။ ကိုယ်တော်က အသုပ်လေးတွေစားချင်တယ်ပြောလို့ ဒီနေ့ကတော့ ရှိသမျှ အသီးအရွက်ကို တမျိုးစီ အစုံသုပ်လိုက်ပါတယ်။ ရေခဲသေတ္တာထဲ ရှိသမျှ အသီးအရွက်ကို အကုန်ရှင်းချင်တာလဲ ပါပါတယ်လေ။ ဒီအပတ်က သုံးရက်ဆက်တိုက် ပိတ်တယ်။ ပြီးတော့ ပိတ်ရက်တွေမှာ ၀ါးတီးလဲ သွားဆွဲရမယ်။ သောကြာနေ့ တရက် နဲ့ စနေနေ့ တရက် စုစုပေါင်း ၀ါးတီး ၂ ရက်ရှိပါသည်။ ဒီတော့ ရှိသမျှအသီးအရွက် အကုန်သုပ်ပလိုက်တယ်။ တနင်ဂနွေလဲ အကြီးကျယ်ဆုံး အခမ်းနားဆုံး သင်္ကြန်ပွဲတော်ရှိတော့ မဖြစ်မနေသွားပြီး နွှဲရပါအုံးမည်။ အဲ ၀ါးတီးဆွဲခဲ့သမျှကိုတော့ ပါဆယ်ဆွဲလာပြီး ပို့စ်တင်ပါအုံးမည်။


သူငယ်ချင်းတစ်ယောက်ကလဲ ညနေအိမ်လာခဲ့မယ်လို့ ဖုန်းဆက်ပြောတာနဲ့ အသုပ်များများလေးလုပ်လိုက်ပါတယ်နော် ။ အဲ ရောက်လဲလာရော အသီးအရွက်ကြီးပဲဆို စားလို့မ၀င်ဘူးဆိုလို့ ကြက်ဥကြော်လေး နဲ့ ငါးရံခြောက်လေးကို မြန်မြန်ဆန်ဆန် ကြော်လိုက်ရပါသေးတယ်။ ဗိုက်ဆာနေတာနဲ့ ဓာတ်ပုံတော့ ရိုက်လိုက်တော့ဘူး။


ကဲ ကြိုက်တဲ့ အသုပ်လေးကို သွားဆောင်သွားပါအုံးလား။



မုန်လာဥနီသုပ် (ခေါ်) ခါကျက်ဥသုပ်



ပဲတောင့်ရှည်သုပ်



မုန်လာဥဖြူသုပ်


မုန့်ညှင်းသုပ် (မုန့်ညှင်း ကို့ရို့ ကားယားသုပ်)



ထုံးစံ အတိုင်း ပဲဟင်း :D


(မုန်လာဥနီသုပ် (ခေါ်) ခါကျက်ဥသုပ်၊ ပဲတောင့်ရှည်သုပ်၊ မုန်လာဥဖြူသုပ်) အတွက် လိုအပ်သောအရာ


မုန်လာဥနီ ၁ တောင့်
ပဲတောင့်ရှည် ၁၀ တောင့်
မုန်လာဥဖြူ အလုံးသေးသေး ၁ လုံး (ကြီးရင်တော့ တခြမ်းပေါ့)
မြေပဲဆံထောင်း
ပဲကျက်မှုန့်
ကြက်သွန်နီ ဆီကျက်


သုပ်ပုံ
မုန်လာဥနီကို ခြစ်ထားပါ။ ပဲတောင့်ရှည် နဲ့ မုန်လာဥဖြူကို အနေတော်ဖြတ်ပြီး ပြုတ်ထားပါ။ တမျိုးချင်းဆီ သုပ်ပါတော့မယ်။ မုန်လာဥနီ အရင်သုပ်လိုက်ပါမယ်။ သုပ်မယ့်ပန်းကန်ထဲသို့ မုန်လာဥနီထည့်၊ ဆား၊ အချိုမှုန့်၊ မြေပဲဆံထောင်း၊ ပဲကျက်မှုန့်၊ ကြက်သွန်နီ ဆီကျက်ထည့်ပြီး နယ်နိုင်ပါပြီရှင်။ ကျန်တဲ့ နှစ်မျိုးကိုလဲ ဒီလိုပဲသုပ်ပါတယ်ရှင်။ ကဲ ဒီလို အသုပ်လေး သုပ်တာကတော့ အလွယ်လေးပါနော်။



မုန့်ညှင်းသုပ် အတွက် လိုအပ်သောအရာ

မုန့်ညှင်း တစ်စည်းဝက်
ခရမ်းချဉ်သီး အနေတော် ၂ လုံး
ငါးပိကင် လက်တဆစ်
ငရုတ်သီး ၃ တောင့်


မုန့်ညှင်း သုပ်ပုံ

မုန့်ညှင်းကိုလဲ အနေတော်ဖြတ်ပြီး ၅ မိနစ်လောက် ပြုတ်ထားပါ။ ပြီး ရေအေး နဲ့ စိမ်ထားပါ။ ဒါမှ မုန့်ညှင်း အရောင်က စိမ်းစိမ်းလေးဖြစ်မှာပါ။ ခရမ်းချဉ်သီးကိုလဲ ရေနည်းနည်းထည့်ပြီး ရေခမ်းအောင် ပြုတ်ပါ။ ရေခမ်းသွားရင် ငါးပိထည့်ပြီး ခရမ်းချဉ်သီး နဲ့ ရောပြီး ကျေသွားအောင်လုပ်ပါ။ ခရမ်းချဉ်သီးလဲ အိပြီးကျေသွားရင်တော့ သုပ်မယ့်ပန်းကန်ထဲသို့ မုန့်ညှင်းပြုတ်ထည့်၊ ခရမ်းချဉ်သီးနဲ့ငါးပိ ရောထားတာကိုထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့်၊ ငရုတ်သီးစိမ်းထည့်ပြီး နယ်ပေးပါ။ အိမ်မှာတော့ တခါတလေ ကြက်သွန်နီကို ပါးပါးလှီးပြီး ထည့်တတ်ပါသေးတယ်။ ကြက်သွန်စိမ်းလေး ကြိုက်တဲ့သူများ ထည့်စားနိုင်ပါတယ်နော်။ မုန့်ညှင်းဖြတ်ထားတာလဲ မညီမညာ ကို့ရို့ ကားယားမို့လို့ (မုန့်ညှင်း ကို့ရို့ ကားယားသုပ်) လို့ခေါ်လိုက်ပါတယ်နော်။ :D

3 comments:

nyimuyar said...

အသုပ်စုံ ဆိုတဲ့အတိုင်း စုံလိုက်တာ ညကခေါ်ဖို့ပဲ ဖုန်းနံပါတ် ပျောက်သွားလို့ပါ ထပ်ပေးမလား :))
ညီမူရာ့သက်ထား

ဂျူနို said...

မုန့် ညှင်းသုတ် ကြိုက်တယ်။ ဒီနေ့ တော့ ရုံးပိတ် ဈေးပိတ် ဆိုတော့ ငတ်သွားပြီ။ စနေနေ့ လုပ်စားမယ်။

MrDBA said...

အဟုတ်ကိုသုပ်တာဘဲနော်။