Monday, April 6, 2009

ခရမ်းသီး နဲ့ အာလူးချက်

ဒီနေ့တော့ ဘာချက်ရမလဲလို့စဉ်းစားလိုက်တယ်။ မမအယ်ဇီလို လှချင်တာနဲ့ ဒီနေ့တော့ ခရမ်းသီးကို အာလူးနဲ့ရောပြီး ချက်စားလိုက်ပါတယ်။ အာလူးရောလိုက်တော့ ပိုများလှလားမလားလို့ပါ။ မမအယ်ဇီရေ လှချင်လို့ ဒီလိုလေး ချက်လိုက်ပါရစေနော်။ ခရမ်းသီးနဲ့အာလူး အလုံးသေးလေးတွေလဲ ရှိတာနဲ့ ရောပြီးချက်စားလိုက်ပါတယ်။ အာလူးအလုံးသေးဆိုလို့ ပြောရပါအုံးမည်။ ကျွန်မရဲ့သူငယ်ချင်း အမျိုးသမီး (ခုတော့ ကျွန်မနဲ့သူငယ်ချင်းဖြစ်နေပါပြီ) ဒီလိုပဲ ဖုန်းဆက်ဖြစ်ကြရင် ဟဲ့ ... ဒီနေ့ဘာချက်စားလဲ ဘာလဲ ညာလဲပေါ့။ ကျွန်မလဲ အာလူးသေးသေးလေးကို ၀က်သားနဲ့ရောချက်တယ်၊ ဆိတ်သားနဲ့ရောချက်တယ်၊ အမဲသားနဲ့ရောချက်တယ် စသဖြင့်ပေါ့။ အာလူးသေးသေးလေးက စားလို့လဲကောင်းတယ်။ ဆီးဆီးလေးလို့ပြောလိုက်တယ်။ အဲဒီတော့ သူလဲ ကျွန်မပြောသလို အာလူးသေးသေးကိုဝယ်ပြီးချက်စားပါတော့သည်။


အဲဒီမှာ အာလူးအလုံးသေး ဇာတ်လမ်းစပါပြီ။ ကျွန်မက အာလူးအလုံးသေးရင် အရင်ပြုတ်လိုက်တယ်။ ကျက်ပြီဆိုမှာ အခွံနွှာလိုက်ပါတယ်။ ဒါမှလဲ အခွံနွှာရတာ ပိုမြန်တာလေ။ အဲ ကျွန်မရဲ့သူငယ်ချင်းအမျိုသမီးကတော့ အစိမ်းလိုက်အာလူးကို အရင်နွှာတယ်။ အာလူးလေးက သေးသေးလေးဆိုတော့ နွှာရခတ်တာပေါ့။ သူ့မှာ တမနက်လုံး အာလူးနွှာနေတာ အချိန်တွေကုန်သွားတယ် အာလူးက နွှာလို့မပြီးသေးဘူးတဲ့။ အင်း ..........စိတ်ထဲမှာ ကျွန်မကိုလေ ရိုက်ချင်လိုက်တာတဲ့။ ပေါက်ပေါက်ရှာရှာ အာလူးသေးသေးကိုများ အလုပ်ရှုပ်ခံပြီး စားရတယ်ပေါ့။ ဒီလို အာလူးကို နွှာနေရရင်တော့ ထမင်းငတ်တော့မယ် မဖြစ်ချေဘူး ရသလောက်နဲ့အရင်ချက်မယ် ညနေမှ ကျန်တာကိုနွှာမယ်ဆိုပြီး တ၀က်ကိုသာချက်စားလိုက်ရတယ်။ အဲဒီနေ့လည်ကြတော့ ကျွန်မကိုဖုန်းဆက်ပြီးပြောလို့ သိလိုက်ပါ။ ဒါနဲ့ အာလူးအသေးကို ခရမ်းသီးနဲ့ရောချက်ရပါတော့တယ်ရှင်။


ဒီနေ့ သူငယ်ချင်းတယောက်ပါ ထမင်စားခေါ်ထားလို့ ဟင်းကို နည်းနည်းပိုချက်လိုက်ပါတယ်။



ခရမ်းသီး နဲ့ အာလူးချက်နေ သုံးဆောင်သွားပါအုံးလား




ဒီနေ့တော့ အမဲသားကို အတုံးသေးသေးတုံးပြီး ဆား၊ အချိုမှုန့်၊ ဂျင်းလက်တဆစ်ထောင်းအရည်၊ ဆနွင်းထည့်ပြီး ကြော်ထားတာပါရှင်။ အမဲကြော်လေးကော သုံးဆောင်သွားပါအုံးလား။



အစပ်လေးပါအောင်လို့ ငါးနီတူးလေးပါ ကြော်လိုက်တယ်။ ငါးနီတူးကြော်စပ်စပ်လေး သုံးဆောင်သွားပါအုံးလား။



ဒါကတော့ ထုံးစံအတိုင်း မုန်လာဥ ချဉ်ဟင်းပါ။ အချဉ်ဟင်းလေးပါ သုံးဆောင်သွားပါအုံးလား။




ခရမ်းသီး နဲ့ အာလူးချက် အတွက် လိုအပ်သောအရာ

ခရမ်းသီး အနေတော် ၂ လုံး
အာလူးသေးသေး ၁၀ လုံး
ကြက်သွန်နီ ၂ လုံး
ကြက်သွန်ဖြူ ၅ တက်
ပုဇွန်ခြောက်ထောင်း


ခရမ်းသီး နဲ့ အာလူးချက်ပုံ

အာလူးသေးသေးကို အရင်ဆုံး ပြုတ်ထားလိုက်ပါ။ အာလူးကျက်ရင်တော့ အခွံနွှာထားပါ။ အာလူးသေးသေးက အရင်ပြုတ်လိုက်မှ အခွံနွှာရတာ ပိုလွယ်ပါတယ်။ ခရမ်သီးကို အတုံးတုံးထားပြီး ရေးဆေးပါ။ါချက်ခါနီးမှ ရေဆေးပြီးတုံးပါ။ မဟုတ်လို့ရှိရင် ခရမ်းသီးက မည်းသွားတတ်ပါတယ်။ ဒါမှမဟုတ် အတုံးတုံးထားပြီး ရေနဲ့စိမ်ထားပေးပါ။ အာလူးပြုတ်နေတုံး ကြက်သွန်နီ၊ ကြက်သွန်ဖြူကို အခွံနွှာပြီး ထောင်းတာပါ။ီချက်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့် ဆီကျက်လာရင် ထောင်းထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်တို့ကို ဆနွင်း၊ အရောင်တင် နည်းနည်းထည့်ပြီး ဆီသတ်ပါ။ နည်းနည်းလေးအိသွားအောင်အထိ ဆီသတ်ပါ။ ကြက်သွန်နီ ကြက်သွန်ဖြူလဲ အိသွားရင် တုံးထားတဲ့ ခရမ်းသီး နဲ့ ပြုတ်ပြီးအခွံနွှာထားတဲ့ အာလူးတို့ကိုထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့်ပြီး ၅ မိနစ်လောက် ခဏလုံးထားပါ။ ပြီးရင် ရေနွေးနည်းနည်းထည့်ပြီး ဆီပြန်လာအောင်တည်ထားပေးပါ။ ဆီပြန်လာရင်တော့ ခရမ်းသီး နဲ့ အာလူးချက်ရပါပြီ။ သုံးဆောင်သွားပါအုံးလား။

4 comments:

MrDBA said...

အဲဒီသူငယ်ချင်းက တို့ဖြစ်မသွားတဲ့ အတွက် မန်းကိုထုခြင်တယ်။ ပုံနဲ့ဘဲ လာလာကြည့်နေရတဲ့အတွက်။

ကဲ သီဟရေ .. သွားပြီးနှိပ်စက်လိုက်ကြရအောင်လား

T T Sweet said...

ခရမ်းသီးအာလူးချက် ... စားကောင်းမဲ့ပုံပဲ။ နောက်ကျရင် ချက်စားဦးမယ်။ အာလူးအသေးလေးတွေ အလုံးလိုက် သုတ်စားရင်ကောင်းတယ်နော်။

ကိုလူထွေး said...

တော်သေးတာပေါ့။ ထမင်းစားပြီးမှ ဒီပို့ စ်ကို ကြည့်မိလို့ ။ နို့ မို့ ရင် သွားရည်ခံတွေ ဘာတွေ ဝတ်ထားရမလားပဲ ...

Phyo Evergreen said...

စားကောင်းမယ်.. ခရမ်းသီးအာလူးချက်ကို အာလူးပူရီက ပလာတာလို အချပ်နဲ့စားလည်းကောင်းတယ်... ။