Wednesday, April 8, 2009

ဝက်လက် စတူး ( ၀က်စတူး )

တခါတလေလဲ ဘာချက်လို့ ဘာချက်ရမှန်းမသိ။ ဒီနေ့တော့ ၀က်သားကို တမျိုးတဖုံ အပြောင်းလဲလေး ဖြစ်သွားအောင် ချက်အုံးမှ ဆိုပြီး ကျွန်မချက်တတ်သလို ၀က်လက်လေးကို စတူး ချက်လိုက်ပါတယ်။ အိမ်မှာတော့ အဲလိုလေးပဲ ချက်တော့ ကျွန်မလဲ အဲလိုလေးပဲ ချက်လိုက်ပါတယ်။ မနေ့က ပို့စ်တင်မလို့ဘဲ ခေါင်းကိုက်ပြီး အိပ်နေလို့ မတင်လိုက်ရဘူး။ ၀က်အဆီ အခေါက်တွေစားတာ များသွားလို့ သွေးတော်တွေတက်နေလားမသိ။ :D ခုထိနေလို့မကောင်းသေးပါ။



ကျွန်မရဲ့ ၀က်လက် စတူးလေး သုံးဆောင်သွားပါအုံးလား။



သံပရာရည် အချဉ်နဲ့ တွဲစားပါတယ်။ ( ကြက်သွန်ဖြူ ၃ တက်၊ ငရုတ်သီးစိမ်း ၃ တောင့်၊ ဆား၊ အချိုမှုန့်ထည့်ပြီးထောင်းထားတာပါ။ ပြီး သံပရာသီးသေးသေး ၄ လုံးလောက်ကို ညှစ်လိုက်ပါတယ်။ ပြီး ရေကျက်အေး နည်းနည်းထည့်လိုက်ပါတယ် )



ဝက်လက် စတူး အတွက် လိုအပ်သောအရာ

ဝက်လက် ၁ ချောင်း (၀က်ခြေထောက်ကတော့ ပိုပြီးကောင်းပါတယ်။ အသားလဲများတယ်။ ၀က်လက်က အရိုးများတယ်)
ကန်စွန်းရွက် ၁ စည်းရဲ့တ၀က် (မထည့်လဲ ရပါတယ်နော်)
နာနတ်ပွင့် တခြမ်း
စောကောမှုန့် (စောကောအကြောင်းကို ဒီမှာ ရေးဖူးပါတယ်)
ဂျင်း လက်နှစ်ဆစ်
ကြာညို့ (ခေါ်) ပဲငံရည်အနှောက်
သကြား နည်းနည်း


ဝက်လက် စတူး ချက်ပုံ

အိမ်မှာတော့ အရင်ဆုံး ၀က်လက်ကို မီးမြိုက်လိုက်ပါတယ်။ ပြီး ၀က်လက်ကို ဓားနဲ့ခြစ်ပါတယ်။ ပြီး အမွှေးညှပ်တဲ့ ဟာနဲ့ ၀က်လက်က အမွှေးတွေကို စိမ်ပြေ နပြေ နုတ်ရပါတယ်။ ကျွန်မကတော့ ဓားနဲ့ပဲခြစ်ပါတယ်။ ပြီး ၀က်လက်ကို အနေတော် အတုံးတုံးပါ။ ပြီး ဆီအိုးတည်ပါ။ ဆီကျက်ရင် ၀က်လက်ကို နည်းနည်း နီလာအောင်အထိ ကြော်ပေးပါ။ ၀က်လက်ရခါနီး နာနတ်ပွင့် တခြမ်းကိုထည့်လိုက်ပါ။ အနံ့မွှေးသွားပါလိမ့်မယ်။ ပြီး ပြုတ်မယ့်အိုးထဲသို့ ကြော်ထားတဲ့ ၀က်လက်ကိုထည့်၊ ဂျင်းထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့်၊ သကြားနည်းနည်းထည့်၊ စောကောမှုန့်နည်းနည်းထည့်၊ ကြာညို့ (ခေါ်) ပဲငံရည်အနှောက်နည်းနည်းထည့်၊ ရေ ထည့်ပြီး နူးနေအောင်ပြုတ်ထားပေးပါ။ ၀က်လက်ပြုတ်နေချိန်မှာတော့ ကန်စွန်းရွက်ကို အနေတော် လှီးဖြတ်ပြီး ရေဆေးထားပါ။ ၀က်လက်များနူးအိပြီး ရေခမ်းနီး ကန်စွန်းရွက်ကို ထည့်၊ ၂ မိနစ်လောက်ဆို ရပါပြီ။ ၀က်လက် စတူး ရပါပြီနော်။

9 comments:

Phyo Evergreen said...

နေ့လည်စာဟင်းတစ်ခွက်ရပြီ...။

စန္ဒကူး said...

ဝက်သားတော့မစားပေမယ့်...
ချက်နည်းလေးကိုတော့စိတ်ဝင်စားတယ်...
ဆိတ်ခြေထောက်နဲ့လဲချက်လို့ရမယ်ထင်တယ်နော်..

နွေးနေခြည် said...

အမရေ ၀က်ခြေထောက်၊လက် မစားရတာတောင် ၁နှစ်ရှိပြီ လွမ်းလိုက်တာ...

မြရွက်ဝေ said...

စောကောမှုန့်ဆိုလို့ ဘာလဲလို့ လိုက်ရှာကြည့်တာ Cardamom အစေ့ကိုး။ Cardamom ကို မြန်မာလို "ဖာလာစေ့" လို့ခေါ်ပါတယ်။ သိပ်မမှတ်မိပေမယ့် ကွမ်းယာအချိုမှာ ထည့်တယ်လို့ထင်တာဘဲ။ စောကောမှုန့်လို့လည်း ခေါ်တာ ခုမှ သိတော့တယ်။ (http://en.wikipedia.org/wiki/Cardamom)

ဒီမှာလည်း ဝက်လက်တွေ ရောင်းတာတွေ့ပေမယ့် မချက်တတ်လို့ တခါမှ မဝယ်ဖူးဘူး။ :D

စူးနွယ်လေး said...

အဆီအခေါက်လုံးဝမစားလို့ အဲဒါကို အရင်တုန်းက မစားဘူး။ အခုတော့ စားချင်လာပြီ။

ဗီလိန် said...

အဲ လက်က အသားပိုများတယ်လို့ ကြားဖူးတာ။ မဟုတ်ဘူးလား။ :)

T T Sweet said...

ဒီအပတ် ရုံးပိတ်ရက်မှာ ချက်စားမယ်ကွ ... မိုးကောင်းသူလေး လက်ရာတော့ ခုစားသွားပြီ။

ဂျူနို said...

ငါ့ညီမရေ
အစ်မတို့ ငယ်ငယ်က အိမ်နီးချင်း ဆန်နီဆိုတာရှိတယ်တဲ့။ သူတို့ က မိသားစုများတော့ ဘယ်တော့မှ ဟင်းကောင်းမစားရဘူး။
သူက ကျနော်တို့ အိမ်မှာ ဟင်းတုန်းတစ်တုန်းကို ကြိုးနဲ့ တုတ်ပြီး ထမင်းစားပွဲပေါ်ကနေ တွဲလောင်းချထားတယ်။
မောင်နှစ်မတွေ ဟင်းတုန်း ဖမ်းရှူလိုက် ထမင်းတစ်လုတ်စားလိုက်လို့ သူ တို့ ဟင်းချွေတာစားရတာကို ပြောပြတယ်တဲ့။
ခုတော့ သူ့ ထက်ဆိုးတယ်။
မအယ်တို့ က ပုံကြည့်စားနေရတယ်။

မိုးကောင်းသူ said...

ဖြိုး
စားလို့ကော အဆင်ပြေရဲ့လား။

ကူးကူးရေ
ဆိတ်သားက ညှီတော့ သိပ်မလုပ်တတ်ဘူး။ ထည့်တဲ့ အမွှေးအကြိုင်လဲ မတူဘူးထင်တာပဲ။

ညီမ နွေးနေခြည်
နောက်တခါချက်ရင် အိမ် အလည်ဖိတ်မယ်။

ညီမ မြရွက်ဝေ
စောကောသီးနဲ့ ဖာလာစေ့နဲ့ ပုံစံတူတယ်။ အနံ့ အရသာခြင်း တော့မတူပါဘူး။ စောကောသီးက ဇာဒိပ္ဖိုလ်သီးအရွယ်လောက်ရှိတယ်။ ဖာလာစေ့က လက်တဆစ်ရဲ့တ၀က်အရွယ်လောက်ပဲရှိတယ်။ ဖာလာစေ့က ပိုသေးတယ်။ ဖာလာစေ့က ကွမ်းယာထဲထည့်စားတာ ဟုတ်ပါတယ်။
(လုံးဆင့် ပတ်ဆင့်တွေဆို မရေးတတ်လို့ ဇာဒိပ္ဖိုလ်သီး ကိုဘယ်လိုရေးရမလဲဆိုပြီး ရေးလိုက်ဖျက်လိုက်လုပ်နေတာ။ အဲ မမလုရဲ့ အခေါ်အဝေါ်ထဲမှာ ရှိကောင်းရဲ့ ဆိုပြီး သွားကြည့်လိုက်တာ တွေ့လို့ အဲဒီထဲကနေကူးထားပါတယ်။ :D မမလု ရဲ့အခေါ်အဝေါ် လင့်ပါရှင်။ http://lulucooking.blogspot.com/2008/02/blog-post_13.html )

ံစူးနွယ်
အချဉ်လေးနဲ့ တို့စားရင်တော့ အအီပြေပါတယ်။ :)

ဗီလိန်
လက်ကအသားများတာလား ခြေထောက်ကအသားများတာလား တောင် မသိတော့ပါဘူးလေ။ :)

T T Sweet
လုပ်စားကြည့်ပါ။ ကျွန်မကိုလဲ ခေါ်အုံးနော်။

မမအယ်ဇီ
ငရဲတွေများ လားတော့မလားမသိနော်။ ငရဲလားမှာတော့ ကြောက်တယ် မမအယ်ဇီရေ။ တကယ်လဲ အိမ်ခေါ်ကျွေးတာမဟုတ်ဘဲ ဒီကနေပဲ ကျွေးကျွေးနေလို့။ :)