Friday, February 27, 2009

ကြက်သားကချင်ချက်



လိုအပ်သောအရာ
ကြက်သား (သို့) ကြက်ရိုး
ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ဂျင်း ၊ မက်လင်ဖက်ခြောက်၊ ငရုတ်သီးစိမ်း
ဗမာနံနံ၊ ပင်စိမ်း၊ ရှမ်းနံနံ၊ ဖက်ဖယ်ရွက်

ချက်ပြုတ်ပုံ
ကြက်သားကို အတုံးသေးသေးတုံးထားပြီး ဆား၊ အချိုမုန့်၊ ဆနွင်း အနည်းငယ်ထည့်ပြီးနယ်ထားပါ။ ကျွန်မက အရိုးချက်တာ ပိုကြိုက်လို့ အရိုးများများနဲ့ချက်ထားတယ်။ ကြက်သွန်နီ ၂ လုံး ၊ ကြက်သွန်ဖြူ ၅ တက်၊ ဂျင်း လက်တဆစ်ကို ထောင်းပါ။ ဗမာနံနံ၊ ပင်စိမ်း၊ ရှမ်းနံနံ၊ ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်းတို့ကို တောက်တောက် စင်းထားပါ။ ကျွန်မကတော့ ဗမာနံနံနဲ့ ဖက်ဖယ်ရွက်ပဲ ၀ယ်ထားတာ ရှိလို့အဲဒီ ၂ မျိုးနဲ့ ငရုတ်သီးစိမ်းပဲ တောက် တောက်စင်းထားတယ်။ ချက်မယ့်အိုးထဲသို့ ဆီနည်းနည်းပဲထည့်ပါ။ ဆီကျက်ရင် ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ဂျင်း တို့ကို ဆီသတ်ပါ။ ပြီးကြက်သားထည့်ပါ။ ၅ မိနစ်လောက် လုံးထားပါ။(ခဏထားပေးပါ လို့ ပြောတာပါ)။ အရည်သောက် အဖတ်စားချက်မှာမို့လို့ ရေနွေးလိုသလောက်ထည့်ပါ။ ဆူနေအောင်တည်ထား ပါ လေ။ ဆားနဲ့ အချိုမုန့်ကတော့လိုအပ်ရင်တော့ထည့်ပါ။ ကြက်သားဟင်းရည်ဆူပွက်လာရင် မက်လင်ဖတ်ခြောက် ၃ ဖတ်လောက်ထည့်၊ တောက်တောက် စင်းထားသော ဗမာနံနံ၊ ပင်စိမ်း၊ ရှမ်းနံနံ၊ ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်း တို့ကိုထည့်ပြီး ခဏကြာအောင်တည်ထားပေးပါ။ အနံများမွှေးကြိုင်လာရင်တော့ ကြက်သားကချင်ချက်ရပါပြီ။
(ပိုပြီးချဉ်ချဉ်စားချင်ရင်တော့ မက်လင်ဖတ်ခြောက်ပိုထည့်ပေးပါ။ မက်လင်ဖတ်ခြောက်မရှိလဲ သံပရာသီးညစ်ထည့်ပေးလဲ ရပါတယ်)

5 comments:

broken heart said...

ဒီဟင်းကို တော့ အရမ်းကြိုက် ပါတယ်....

khaingzm said...

အမရေ.. မက်လင်ဖတ်ခြောက်ဆိုတာ ဘာလဲဟင်.. ဖက်ဖယ်ရွက်ဆိုတာ ကရော.. ချက်စားချင်လို့အမ.. ရိုးရာအစားအစာ ဆန်းဆန်းပြားပြား လေးတွေချက်ရတာ ၀ါသနာပါတာမို့ အမဘလော့လေးကို အရမ်းကြိုက်ပါတယ်.. :D

မိုးကောင်းသူ said...

မက်လင်ခြောက်က မက်လင်သီးကို အခြောက်လှမ်းထားတာပါ။ ဖက်ဖယ်ရွက်ကို ဒီမှာ Lakas leave ဆိုရေးထားပါတယ်။ အစ်မ အရွက်တွေကို ဓာတ်ပုံရှာပြီး ပို့စ်တင်ပေးပါအုံးမယ်နော်။

Anonymous said...

is it laksa leaf, sis?

Hpaji Ningli said...

အစ်မ ရဲ့ ထမင်းအိုး blogမှ ချက်ပြုတ်နည်းတွေ ဖတ်ဖြစ်ပါတယ်။ သိတဲ့ချက်နည်းလေးတွေကို ဝေငှတဲ့ အတွက် ကျေးဇူးပဲနော်။ ကချင်တစ်ယောက်အနေနဲ့ ပြောပြချင်ဒါလေး ရှိပါတယ်။ ကချင်ရိုးရာ အစားအစာတွေကို ဖက်နဲ့ထုတ်ပြီးစားပါတယ်.ဒို့ကချင်တွေ ၀က်သား၊ ကြက်သား၊ ငါး ကချင်ချက်တွေ အားလုံးကို အရည်ခမ်းချက်ပါတယ်။ ဒါကြောင့် ကြက်သားကချင်ချက်ကို အရည်ခမ်းချက် ရင်ပိုပြီးတော့ သင့်လျောပါတယ်။ အရည်သောက်အနေနဲ့တော့ ကချင်ပိန်းဥ ဟင်းရည် အမြဲပါပါတယ်။
မှတ်ချက်။ ။ကချင်ဟင်းအစစ် အများစုမှာ ဆီအသုံး အလွန်နည်းပါတယ်။