Monday, March 23, 2009

ဆိတ်သားနဲ့အာလူး ပလာတာ

ဒီနေ့တော့ ထမင်းမချက်ဘဲ ပလာတာပဲကြော်စားလိုက်တယ်။ ခါတိုင်းတုံးကတော့ ပလာတာကြော်ရင် ကြက်သားနဲ့အာလူးချက်ပဲချက်ဖူးတယ်။ ဆိတ်သားကလဲ မချက်တတ်ရင် ညှီတယ်လေ။ ဒီနဲ့လဲ ဆိတ်သားချက်နဲ့အာလူးချက်ရာမှာ ဆရာစားမချန်ဘဲ ရှိသမျှအစွမ်းအကုန်ထုတ်ပြီးချက်ထားတာပါ။
(ဆိတ်သားကို ခုမှ ၃ ခါသာချက်ဖူးပါတယ်) ဟဲဟဲ



ဆိတ်သားနဲ့အားလူးချက်


ပလာတာကြော်


သခွားသီးအချဉ်သုပ်(သူလေးက မပါမဖြစ်နော်)


ဒီအထုပ်ကိုဝယ်ပြီးကြော်တာပါ။ ဒီတခါဝယ်တာ ဟင်းအနှစ်လေးတောင်လက်ဆောင်ပါသေး။ နောက်တခါကြော်မှပဲ ဒီဟင်းအနှစ်နဲ့စားတော့မယ်။


လိုအပ်သောအရာ

ဆိတ်သား
အာလူး ၂ လုံး
သခွားသီး တခြမ်း
ကြက်သွန်နီ ၂ လုံး
ငရုတ်သီးစိမ်း ၂ တောင့်
သံပရာသီးသေးသေး ၃ လုံး
ဂျင်း လက်တဆစ်ထောင်း
ကြက်သွန်ဖြူ ၃ တက်ထောင်း

ဆိတ်သားအာလူးချက်ပုံ

ဆိတ်သားကို အတုံးသေးသေးတုံးပြီး ဆားနဲ့အရင်နယ်ပြီးရေဆေးလိုက်တယ်။ ပြီးတော့ မန်ကျည်းမှည့်ကိုရေဖျော်ပြီး ဆိတ်သားကိုပြန်ဆေးလိုက်တယ်။(၂ ခါ၊ ၃ ခါလောက်ဆေးလိုက်ပါ) အိမ်မှာတော့ ငါးဟင်းချက်ရင် မန်ကျည်းမှည့်နဲ့ဆေးတယ်။ အဲလိုဆေးလိုက်ရင် ငါးညှီတဲ့အနံတွေပျောက်သွားတယ်။ အဲဒါနဲ့ဆိတ်သားလဲ အညှီနံပျောက်အောင်ဆိုပြီး ဆေးလိုက်တယ်။ ပြီးတော့ ဆိတ်သားကိုဆား၊ အချိုမှုန့်၊ ဆနွင်း၊ ဂျင်းထောင်းရည်တို့နဲ့နယ်ပေးပါ။ အာလူးကို အခွံနွှာပြီး အတုံးတုံးထားပါ။ ပြီးချက်မယ့်ထဲသို့ ဆီထည့်ပါ။ ဆီကျက်လာရင် ထောင်းထားသော ကြက်သွန်ဖြူထည့်ပြီးဆီသတ်ပါ။ ပြီးနယ်ထားတဲ့ ဆိတ်သားထည့်ပါ။ ရေနွေးထည့်ပြီး နာရီဝက်လောက်နူးနေအောင်တည်ထားပါ။ ၁၅ မိနစ်လောက်ကြာလာရင်တော့ အာလူးတုံးများထည့်ပါ။ ဆီပြန်လာခါးနီး မဆလာထည့်ပေးပါ။ အနံများမွှေးကြိုင်လာရင်တော့ ဆိတ်သားနဲ့အာလူးချက်ရပါပြီ။ သုံးဆောင်သွားပါအုံးလား။


သခွားသီးအချဉ်သုပ်

သခွားသီးကို ပါးပါးလှီး၊ အရှည်လိုက်ပြန်လှီးပါ။ ကြက်သွန်နီကိုလဲပါးပါးလှီးပါ။ သုပ်မယ့်ပန်းကန်ထဲသို့ ပါးပါးလှီးထားတဲ့ သခွားသီး၊ ကြက်သွန်နီကိုထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့်၊ ငရုတ်သီးထည့်၊ သံပရာသီးညှစ်ထည့်ပြီးနယ်ပေးပါ။

2 comments:

နွေးနေခြည် said...

အမချက်ထားတာ အိမ်က ချက်ထားတာနဲ့ တူလိုက်တာအမရယ်...
တိုက်တုက်ဆိုင်ဆိုင် ကွန်းမန့်ရေးနေတုန်း ဗိုက်ထဲက ဂွီ.. ဆိုပြီးမြည်လာတယ် (အဟင့် မနက်စာမှ မစားရသေးတာကိုး... )

မိုးကောင်းသူ said...

မနက်က အသံကြားလိုက်တယ်။ ဘယ်ကပါလိမ့်လို့ ထင်နေတာ။ ညီမလေးနွေးနေခြည်ဆီက အသံကိုး။