Wednesday, March 18, 2009

မိုးကောင်း မုန့်ညှင်းပေါင်း

သူတို့ သူတို့လေးတွေပြောမှ ကျွန်မလဲ မုန့်ညှင်းပေါင်း၊ မှိုကပ်ပေါင်း၊ ပိန်းပေါင်း၊ ဟင်းစုံပေါင်း၊ ဟင်းအင့်၊ မျှစ်ချဉ်လှော်၊ ဗဒဲကောပလာချောင်ကြော်၊ ငါးချဉ်အုံး၊ ဟင်းမြင်းသီး(သို့) ဟင်းမြင်းရွက် (ဟင်းပြင်းသီးလား၊ ဟင်းပြင်းရွက်လားတော့မသိ ကျွန်မအရေးမှားလဲ သီးခံပေးပါ) အဲဒါတွေကိုစားချင်လာတယ်။ ဒီမိုးကောင်းသူတော့ ဘာ ဘာသာစကားတွေပြောနေပြီး ဘာဟင်းတွေပြောနေပါလိမ့်ဆိုပြီးပြောကြတော့မည်။ ဟီးဟီး။ စားချင်တာလေးတွေကို ချရေးလိုက်တာပါ။ အိမ်ပြန်မှ အကုန်စားပလိုက်အုံးမယ်။ အင်းလေ....စားရမယ်ဆိုရင် ပြောလို့တော့မကုန်တော့ဘူး။ ဒါနဲ့ရှိတာလေးကို ပေါင်းစားအုံးမှဆိုပြီး ကိုက်လံကို မုန့်ညှင်းဖူးနေရာမှာအစားထိုးပြီး မုန့်ညှင်းဖူးပေါင်းတဲ့နည်းအတိုင်း ပေါင်းစားလိုက်ပါတယ်။ အခု ရေးတာကတော့ အိမ်မှာပေါင်းတဲ့ မုန့်ညှင်းဖူးပေါင်းနည်းအတိုင်းရေးပေးလိုက်ပါတယ်။ ကိုက်လန်နဲ့ပေါင်းစားတော့ မုန့်ညှင်းပေါင်းထက် စားရတာပိုချိုပါတယ်။ မုန့်ညှင်းက နည်းနည်းခါးသက်သက်အရသာလေးပါတယ်။




အနီးကပ်ပုံ။ သုံးဆောင်သွားပါအုံးလား။



ပေါင်းပြီးပုံ



နယ်ပြီးပုံ



မနယ်ခင်ပုံ



ဒီဆန်မုန့်ကိုထည့်တာပါ။ မွှေးဆန်မုန့်ထည့်လဲအတူတူပါပဲ။ ဒါကပိုတန်တယ်ထင်လို့ဒါပဲဝယ်လေ့ရှိတယ်။ ဒီ အထုပ်ကြီးတထုပ်မှ S$ 1.10 ပါ။





လိုအပ်သောအရာ

မုန့်ညှင်း (ဒီနေ့တော့ ကျွန်မ မုန့်ညှင်းဖူးအစား ကိုက်လန်ဖူးနဲ့ပေါင်းလိုက်ပါတယ်။)
ဆန်မုန့်
ကြက်သွန်နီ ၂ လုံး၊ ကြက်သွန်ဖြူ ၇ တက်၊ ငရုတ်သီးစိမ်း ၇ တောင့်
ခရမ်းချဉ်သီး ၁ လုံး
ပုဇွန်ခြောက်
ငါးပိစိမ်း(သို့)ငါးပိဖုတ်
ဆီ
ငှက်ပျောဖက်


ပေါင်းနည်း

မုန့်ညှင်းကို ထိပ်ပိုင်းလေးပဲဖြတ်ပါ။ အရှည်လိုက် မုန့်ညှင်းရိုးလေးကိုဆွဲဆွဲပြီး စားရတာကို ပိုပြီးအရသာရှိတယ်။ မုန့်ညှင်းကို ရေဆေးပြီး ရေစစ်ထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်၊ ငါးပိ၊ ငရုတ်သီး တို့ကို ရောပြီးထောင်းထားပါ။ ခရမ်းချဉ်သီးကို တောက်တောက်စင်းထားပါ။ ဇလုံတခုထဲသို့ မုန့်ညှင်းထည့်၊ ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်၊ ငါးပိ၊ ငရုတ်သီးတို့ကိုထည့်၊ တောက်တောက်စင်းထားသော ခရမ်းချဉ်သီးထည့်၊ ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ ဆီစိမ်း အနည်းနယ်၊ ဆန်မုန့်(ကျွန်မကတော့ အနှစ်များများကြိုက်တတ်လို့ ဆန်မုန့်နည်းနည်းပိုထည့်လိုက်တယ်) တို့ကိုထည့်ပြီး နာနာနယ်ပေးပါ။ သြော် နယ်ရင်လဲ လက်အိတ်စွပ်ပြီးနယ်နော်။ တော်နေ အစ်မမုန့်ညှင်းပေါင်းလိုမိုလုပ်စားတာ ပါးစပ်ပါမကဘူး လက်ပါစပ်တယ်ဖြစ်နေမှာစိုးလို့ပါ။ အရသာအပေါ့အငံမြည်းကြည့်ချင်လဲ လက်ညိုးလေးနဲ့တို့ပြီး မြည်းကြည့်ပါ။ ကျွန်မကတော့ မြည်းကြည့်လိုက်တယ်။ တော်နေ ပေါင်းပြီးမှ အစပ်ဟတ်မတည့်မှာစိုးလို့ပါ။ အားလုံးအဆင်ပြေသွားပြီဆိုရင်တော့ ထမင်းအိုးရဲ့အန်၊ ပေါင်းချောင်လေးမှာ ငှက်ပျောဖက်ကိုအောက်ကခင်းပြီး စောစောက နယ်ထားသော မုန့်ညှင်းကိုတင်ပါ။ ထမင်းပေါင်းအိုးလေးရဲ့ အန်လေးနဲ့ပေါင်းစားလဲ အဆင်ပြေပါတယ်။ ကဲ ထမင်းအိုးထဲကို ရေထည့်ပြီး နာရီဝက်၊ ၁ နာရီလောက် နူးအိနေအောင်တည်ထားပါလေ။ အနံများလဲမွှေးကြိုင်လာပြီဆိုရင်တော့ မုန့်ညှင်းပေါင်း ရပါပြီနော်။ ကဲ သုံးဆောင်သွားပါအုံးလား။

(အစပ်မကြိုက်သူများ ငရုတ်သီးမထည့်လဲရတယ်နော်။ ကျွန်မကတော့ ဘာဟင်းနေနေ ငရုတ်သီးစပ်စပ်လေး ထည့်တတ်တယ်။ ငှက်ပျောဖက်မရှိလဲ အလူမီနီယမ်ပြား ကြွပ်ကြွပ်အိပ်အသန့်လေးနဲ့ခင်းလို့ရပါတယ်နော်)

7 comments:

ဘုန်းမြင့်သူ said...

ကိုက်လန်ဖူးကို ကျော်ပဲစားဖူးတာ။ အခုလိုမျိုး ပေါင်းစားတာလည်း တမျိုးကောင်းမှာပါ။ မေမေကို ဒီလိုချက်နည်းပြပီး ချက်ကျွေးဖို့ ပြောလိုက်ပါအုံးမယ်။ ကိုယ်တိုင်တော့ ချက်တတ်ဘူး။ စားပဲ စားတတ်တာ :P

မိုးကောင်းသူ said...

ဟုတ်တယ် ဘုန်းမြင့်သူ။ ကိုက်လန်ကိုကျော်စားတာများကြတယ်။ နောက်တမျိုးအနေနဲ့ ချက်စားလို့ရသေးတယ်။ မုန့်ညှင်းချဉ်ရည်ကျိုသလိုမျိုး ကိုက်လန်ကိုလဲ အချဉ်ဟင်းကျိုစားရင်ကောင်းတယ်။

ဂျူနို said...

မိုးကောင်းသူရေ

မုန့် ညှင်းပေါင်း ကိုယ်လည်းသိတ်ကြိုက်တယ်။ ငါးထဲ့ပြီးပေါင်းတယ်။ အံ့သြစရာပဲ။ ဒါတွေ အမြဲလုပ်စားတာလား။ ချက်တတ်လိုက်တာ။

broken heart said...

ဆန်မုန့်များများလေးနဲ့ ဆို တော်တော် ကောင်းတယ်ဗျ........ ခေါ ပုတ်ကို ပန် ထွေဖျော်လေးနဲ့ လည်းစားချင်သေးတယ်ဗျ.........

မိုးကောင်းသူ said...

>>> ဂျူနို နဲ့ broken heart တို့က
ဘယ်မြို့ကလဲ။ ခေါပုတ်ကို ပန်ထရွေဖျော်၊ ဒါမှမဟုတ် ဆီတိုဖူးနဲ့စား............အိမ်ပြန်ရောက်မှစားမည်။

မလိခ said...

မမရေ... မမရဲ့ မုန်ညှင်းပေါင်းကြည့်ပြီး အမေ့လက်ရာ ငှက်ပျောဖူးပေါင်းကို သတိရသွားပြီ... မှိုကပ်ပေါင်းလည်းကောင်းတာပဲ... :(.. ဟင်းပြင်းသီးချက်ကိုတော့ အကြိုက်ဆုံးပဲ.. ခေါပုတ်ကိုတော့ မေမေတို့ ခေါ်တဲ့ ငါးတုံတုံ (အေးလို့ အနှစ်ခဲသွားတဲ့ ငါးဟင်း) နဲ့ စားချင်တယ်... ဆန်တို့ဟူးသုတ်လည်း စားချင်လာပြီးးးးးးးးးး အဟင့်

Unknown said...

မမမိုးကောင်းသူရေ.. မုန်ညင်းပေါင်း၊ ဟင်းပြင်းသီး၊ ပိန်းပေါင်းတွေကို လွမ်းသွားပြီ.. ခေါပုတ်ကိုလည်း ဆီတိုဖူးနဲ့ ငါးတုံတုံနဲ့ စားချင်သေးတယ်.. တနယ်တည်းသားတွေ ဖြစ်မယ် ထင်တယ်..