Tuesday, March 24, 2009

မျှစ်ပလောဟင်းရည် (ယောနယ်ဟင်း)

ဒီမှာ အခုရက်ပိုင်းမိုးတွေကလဲ အမြဲတမ်းလိုလိုရွတ်နေတယ်။ ရွာလိုက်ရင်လဲ သည်းသည်းမည်းမည်းနဲ့။ မိုးကအေးအေးလေးနဲ့ဆိုတော့ ဘာချက်စားရရင်ကောင်းမလဲလို့ မိုးကောင်းသူတို့လဲ စဉ်းစားခန်းထုတ်နေတာပေါ့။ တနေ့တနေ့ စိတ်ကူးထဲတွင် ဒီနေ့တော့ ဒီလိုလေးချက်လိုက်မယ်၊ ဟိုလိုလေးချက်လိုက်မယ်ဆိုပြီး အမျိုးမျိုးစိတ်ကူးနေလေရဲ့။ လူဆိုတာမျိုးကလဲ အစားအသောက်နဲ့တည့်တကိုး။ (အထူးအဖြင့် မိုးကောင်းသူလေးပေါ့ နော် ဟဲဟဲ) မျှစ်ဆိုတာမျိုးကလဲပူတယ်လေ။ နေပူတဲ့အချိန်မှာချက်စားရင်တော့ အဆင်မပြေပြန်ဘူး။ ရာသီဥတုအခြေအနေကိုလဲ ကြည့်ရ၊ ဒီနေ့က ဒီဟင်းချက်ပြီး၊ ဟိုနေ့က ဟိုဟင်းချက်ပြီး မတူအောင်ချက်အုံးမှဆိုပြီး တမျိုးတဖုံစဉ်းစားရပြန်တယ်။ (ကြာလာရင်တော့ မိုးကောင်းသူရဲ့ဟင်းများမှာလဲ ထပ်လာပါလိမ့်မယ်) ဟိုနေ့က ဂိုးဒင်းမိုင်း(ထိုင်းပလာဇာ)က၀ယ်ခဲ့တဲ့ မျှစ်ပြုတ်လေးကို ဒီနေ့တော့ ချက်စားအုံးမှဆိုပြီး မျှစ်ပလောဟင်းရည်လေးချက်လိုက်ပါတယ်။ (အိမ်ကချက်သလိုမျိုးချက်စားတယ်။ အိမ်ကိုလဲ လွမ်းနေတာပါတာပေါ့နော်) အမှန်တကယ် မျှစ်ပလောဟင်းရည်ချက်မယ်ဆိုရင် မျှစ်အစိမ်းကိုဓားနဲ့ပေါက်ပြီး ရေအေးနဲ့စိမ်ထားရပါတယ်။(တစ်ရက်တန်သည်၊ နှစ်ရက်တန်သည် ထားထားရတယ်) ဒါမှ မျှစ်ထဲမှာပါတဲ့အပူတော်တော်များများကရေနဲ့ပါသွားတယ်။ မဟုတ်ရင် မျှစ်စားလိုက်တာ တောက်လို့ ဘာလို့ဖြစ်နေမှာစိုးလို့နဲ့တူတယ်။ ဒီမျှစ်ပလောဟင်းရည်ကတော့ ယောနယ်ကချက်စားတဲ့ဟင်းရည်ပါ။ တခြားနယ်တွေမှာကော ချက်စားသလားတော့ ကျွန်မလဲ ကောင်းကောင်းမသိပါ။ မျှစ်စိမ်းကိုရေစိမ်ပြီး မျှစ်ပလောဟင်းရည်ချက်စားတတ်သလို မျှစ်ဆူးထိုးဟင်းဆိုပြီးလဲ ချက်စားတတ်ပါသေးတယ်။ မျှစ်ဆူးထိုးဟင်းကို အခွင့်အခါကြုံကြိုက်ခဲ့ရင်တော့ ချက်စားပြီး ပို့စ်တင်ပါအုံးမယ်။ မျှစ်ပလောဟင်းရည်ဆိုသည်မှာ မျှစ်စိမ်းနဲ့ပလောရွက်ကိုရောပြီးချက်လို့ မျှစ်ပလောလို့ခေါ်တာပါ။ ပလောရွက်မှာ ချွဲချွဲပြစ်ပြစ်အရွက်တမျိုးပါ။ ဒီမှာတော့ ပလောရွက်ဝယ်မရလို့ ချွဲတာချင်းတူတဲ့ ရုံးပတေသီးကိုပဲ ပလောရွက်နေရာမှာအစားထိုးပြီး ချက်စားလိုက်ပါတယ်။ မျှစ်ပလောဟင်းရည်နဲ့ အလိုက်ဖက်ဆုံးကတော့ ပဲပုတ်ထောင်းသံပရာညှစ်ပါ။ ပဲပုတ်ကလဲဝယ်ထားတာမရှိတော့ ငါးပိထောင်းကိုသံပရာညှစ်ပြီးအစားထိုးလိုက်ပါတယ်။ ဒီနေ့တော့အစားထိုးတာတွေလဲများနေပြီ။ အကယ်လို့ဒီမှာများ ယောနယ်အသင်းအကျွေးအမွေးကို မျှစ်ပလောဟင်းရည်နဲ့ရှဘဲထောင်းသံပရာညှစ် (ပဲပုတ်သံပရာညှစ်ကိုပြောတာပါ) တည်ခင်းဧည့်ခံခဲ့မယ်ဆို ရင်တော့သွားပြီးစားချင်ပါသေးသည်။ ကျွန်မ မိုးကောင်းသူကိုခေါ်လေလား မခေါ်လေလားတော့မသိပါ။ ကျွန်မကလဲ ကျွန်မပဲလေ ဒါကိုကြိုက်မိရင်တော့ ဒါကိုပဲထပ်တလဲလဲစားချင်တယ်။



ဟောဒီက မျှစ်ပလောဟင်းရည် ချွဲပြစ်ပြစ်လေး (ကဲ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။)


ဒီမျှစ်ပြုတ်ပါ။ (ဒီနေ့ကို ၂ ချောင်းပဲချက်ပါတယ်။ နောက်ရက်မှာမှ ကျန်တဲ့ ၂ ချောင်းကို ၀က်သားနဲ့ရောချက် ဒါမှမဟုတ် မျှစ်ဆန်လှော်ဟင်းရည်ချက်ပြီးစားပါမည်။)


ငါးပိထောင်းသံပရာညှစ်


ဆိတ်သားခြောက်ငါးပိချက်ကို ဒီမှာရေးဖူးပါတယ်။ ဒီတခါ ငရုတ်သီးကို အတောင့်လိုက်ထည့်လိုက်တယ်။ ဗိုက်ဗိုက်အခြေအနေက သိပ်မကောင်းသေးလို့။ :)



မျှစ်ပလောဟင်းရည်ချက်ရန် လိုအပ်သောအရာ

မျှစ်
သခွားသီး တခြမ်း(ကျွန်မကတော့မနေ့က တခြမ်းကျန်တာနဲ့အတော်ပဲဖြစ်သွားတယ်)
ရုံးပတေသီး ၂ တောင့်
ပင်စိမ်း
ကြက်သွန်နီ ၁ လုံး လေးခြမ်းစိတ်
ကြက်သွန်နီ ၃ တက်ထောင်း
ပုဇွန်ခြောက်ထောင်း
ငါးပိ


မျှစ်ပလောဟင်းရည်ချက်ပုံ

မျှစ်ကို မိမိစိတ်ကြိုက်ပုံစံ အတုံးတုံးထားပါ။ ဟင်းရည်တည်မယ့်အိုးထဲသို့ ရေထည့်ပြီးတည်ပါ။ ရေဆူလာရင် မျှစ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူထောင်း၊ ပုဇွန်ခြောက်ထောင်း၊ ငါးပိ၊ ဆား၊ အချိုမှုန့်တို့ကိုထည့်ပြီး ဆူနေအောင်တည်ထားပေးပါ။ မျှစ်မို့လို ကြာကြာတာတည်ထားပေးပါ။ မျှစ်ကကြာကြာတည်လေကောင်းလေပါ။ အယ် စားတော့မယ်ဆိုရင်တော့ သခွားသီးပါးပါးလှီးပြီးထည့်၊ ရုံပတေသီးကိုအတုံးတုံးပြီးထည့်၊ ပင်စိမ်းရွက်လေးထည့်ပြီး မီးဖိုပေါ် ခဏပြန်တည်ပြီး စားလို့ရပါပြီ။ ကဲ အားမနာတမ်းသုံးဆောင်သွားပါအုံးလား။

7 comments:

PAUK said...

ဟင်းတွေကတော့ မတရားများတယ်..
အတော်ချက်နိုင် ချက်တတ်တယ်နော်..
ကောင်းလိုက်တာ..
မျှစ်တော့ အသားကုန်ကြိုက်တယ်..
တခါမှ မချက်စားဖူးဘူး..
နွေရောက်ရင် ဒီမှာ မျှစ်နုတွေ ပေါတော့မယ်..
အခုတော့..ဒီမျှစ်ပလောဟင်းရည်ဆိုတာ အသေမှတ်သွားပါ့မယ်..
(ကျနော် ထမင်းဟင်းသိပ်မချက်တတ်ပါ..
နိုင်ငံခြားရောက်မှ ထမင်းဟင်း စချက်ဖူးပါတယ်..) ကျေးဇူးမိုးကောင်းသူ

နွေးနေခြည် said...

မျှစ်ကတော့ အသေကြိုက်
အိမ်ကလည်း တက်မှာစိုးလို့ မပို့ဘူးး(
စီးတီးဟောက မျှစ်တွေကျတော့ အရင့်တွေပါတယ်
ဂိုးဒင်းမိုင်းက မျှစ်နုလား မမ?

ချက်နည်း မှတ်သွားတယ်
နောက်မျှစ်၂ချောင်းကိုလည်းမျှော်နေမယ်

မြရွက်ဝေ said...

မျှစ်ပလောဟင်းရည် စားဖူးချင်တယ်။ ပင်စိမ်းပါတော့ မွှေးမွှေးလေး နေမှာဘဲ။ (^_^)/~

မိုးကောင်းသူ said...

>>> ပေါက်ရေ ဟင်းကနှစ်ယောက်စာကွက်တိပဲချက်တာပါ။ ဟင်းရည်ဆိုလဲ တခွက်၊ ငါးပိဆိုလဲ တတုံး၊ ဆိတ်သားလဲ နည်းနည်းချက်တာပါ။ အစတုံးကတော့ နှစ်ယောက်စာကိုမမှန်းတတ်ဘူး အခုတော့ တော်တော်လေးမှန်းတတ်နေပါပြီ။

>>> ညီမလေးနွေးနေခြည်
မျှစ်ပြုတ်ကနုတယ် ဘာမှ ပစ်မရာမလိုဘူး။ မျှစ်စိမ်းတွေလဲတွေ့ခဲ့တယ်။ ဈေးကြီးလို့ဝယ်ခဲ့ဘူး။ မျှစ်စိမ်းတဖူး ကြီးကြီးကို $5.50 ဆိုတော့ ကြည့်ပြီးပဲပြန်လာခဲ့တယ်။ :D မကြာမှီ ကျန်တဲ့ ၂ ချောင်းလာမည်။ မျှော်ပါလေ။

>>>ညီမ မြရွက်ဝေ
လုပ်စားကြည့်ခက်ဘူးရယ်။ မျှစ်နဲ့ ပင်စိမ်းနဲ့လိုက်တယ်။ အိမ်မှာက မျှစ်ဆန်လှော်ဟင်းရည်ဆိုလဲ ပင်စိမ်းခတ်စားတယ်။ ၀က်သားနဲ့မျှစ်ချဉ်ချက်ဆိုလဲ ပင်စိမ်းခတ်စားတယ်။

Thatonthu said...

အမရေ ..ဒီဟင်းလေးက ကျမတို့နယ်ဘက်မှာလဲဒီလိုဟင်းမျိုးရှိတယ်။ မျှစ်တာလပေါ့လို့ခေါ်တယ်။ အိမ်အလွမ်းပြေဝင်ပြီးသရေကျသွားတယ်။

မွန်မိုးနဒီ said...

အမရေ...လာလည်ရင်း အသားကုန်တွယ်သွားတယ်။ကောင်းလိုက်တဲ့ မျှစ် ..ကြိုက်မှကြိုက် :0

မွန်မိုးနဒီ said...

အမရေ...လာလည်ရင်း အသားကုန်တွယ်သွားတယ်။ကောင်းလိုက်တဲ့ မျှစ် ..ကြိုက်မှကြိုက် :0